သူမရှိလည်း NLD ပါတီက ရပ်တည်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

သူမရှိလည်း NLD ပါတီက ရပ်တည်နိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
 

NLD ပါတီအနေဖြင့် သူမရှိလည်း ကောင်းစွာရပ်တည်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“ဒီမေးခွန်းကို ကျွန်မ ခဏခဏ အမေးခံရပါတယ်။ NLD မှာ ကျွန်မ မရှိရင် ဘာဖြစ်မလဲ ဆိုပြီးပေါ့။ NLD ကို ဦးဆောင်နိုင်သူ မရှိဘူးပေါ့။ ဒါကိုတော့ ကျွန်မ လက်မခံပါဘူး။ သဘောမတူဘူး။”ဟု တိုကျိုတွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က Japan National Press Club တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“NLD ပါတီမှာ ကျွန်မရဲ့ အရေးသာမှုက ရိုးရှင်းပါတယ်။ ဒါကတော့ ကျွန်မက အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တာကြောင့်ပါ။”ဟု ဒေါ်အောင်ဆန်းစုကြည်က သူ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး နှိမ့်ချပြောဆိုသည်။

ပါတီတွင် လုပ်နိုင်စွမ်းရှိသူများ ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့က နိုင်ငံခြားဘာသာစကား ပြောဆိုနိုင်စွမ်းအားနည်းကြောင်း ၎င်းက ပြောသည်။ “သူတို့ကို အထင်သေးလျှော့မတွက်စေချင်ပါဘူး။ ကျွန်မအနေနဲ့ ကိုယ့်ဘာသာဆို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်မရနိုင်ပါဘူး။ ဒီလိုနေရာ ဒီလိုအဖြစ်မျိုးလည်း ရောက်ဖို့ မလွယ်ပါဘူး။ ကျွန်မ သေချာပြောနိုင်တာကတော့ NLD အနေနဲ့က ပါတီရဲ့ မူဝါဒတွေကို ကောင်းကောင်း ဖော်ဆောင်သွားနိုင်မှာပဲဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်က ပြီးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး မေးမြန်းရာ၌ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိနေကြောင်း၊ အစိုးရအနေဖြင့် ပြဿနာ၏ ရင်းမြစ်အထိ ကိုင်တွယ်နိုင်ရန် ကြိုးစားလျက်ရှိနေကြောင်းနှင့် စုံစမ်းမှု မပြီးမချင်း မည်သည့်စွပ်စွဲမှုမျိုးကိုမှ လုပ်ဆောင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

အရေးယူလုပ်ဆောင်မှုတိုင်းကိုလည်း တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်သာဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly