ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် စစ်တွေက စားသောက်ဆိုင်ကို တရားစွဲ

ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် စစ်တွေက စားသောက်ဆိုင်ကို တရားစွဲ

စစ်တွေ၊ နိုဝင်ဘာ ၄ ရက်။            ။ စားသောက်ဆိုင်အမည်ခံဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှု၊ ဝန်ထမ်းများကို လုပ်အားခံ အပြည့်အ၀ မပေးမှု၊ ညှင်းပန်းနှိပ်စက်မှုတို့ဖြင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အဝေးပြေးဝင်းအနီးမှာ “ကျော်” စားသောက်ဆိုင်ကို ရခိုင်ပြည်နယ် အမှတ် ၅ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ဖမ်းဆီးတရားစွဲဆိုလိုက်သည်။

အဆိုပါ စားသောက်ဆိုင်တွင်လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးမှ ၎င်းတို့ကို နှိပ်စက်ခဲ့မှုများနှင့် ပတ်သက်၍ နေပြည်တော် လူကုန်ကူးမှုတားဆီးရေးအဖွဲ့ ဟော့လိုင်း (Hotline) သို့ တိုင်ကြားချက်အရ စစ်တွေမြို့နယ်ရဲတပ်ဖွ့ဲနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁ ရက်နေ့ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်မှ အမျိုးသမီး ၁၄ ဦးကို တွေ့ရှိခဲ့ပြီး ၇ ဦးကို သက်သေအဖြစ် ထိန်းသိမ်းထားကာ ကျန် ၇ ဦးကို လွှတ်ပေးခဲ့သည်။

“သူတို့တွေကို အတင်းအားဓမ္မနှိပ်စက်တယ်၊ ခေါင်းပုံဖြတ်ပြိး အမြတ်ထုတ်တာ၊ နှိပ်စက်ညှင်းပန်းမှုတွေလည်း ရှိတယ်။” အမှတ် ၅ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူး ကျော်ညွ့န်က ပြောသည်။

အမျိုးသမီး ၁၄ ဦးကို စားသောက်ဆိုင်အတွင်းမှ ပြင်ပသို့ ထွက်ခွာခြင်း မပြုဘဲ၊ အစောင့်အမျိုးသားဝန်ထမ်းများ ထားရှိကာ လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးများ ကာရံပြီး ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခြင်း၊ လုပ်ခလစာနှင့် ရသင့်ရထိုက်သည့် ခံစားခွင့်များကို ခေါင်းပုံဖြတ်ထားခြင်းတို့ကို စားသောက်ဆိုင်ပိုင်ရှင်များမှ ပြုလုပ်ခဲ့ကြောင်း ရဲမှူး ကျော်ညွန့်က ပြောသည်။

အဆိုပါ စားသောက်ဆိုင်သည် ကာရာအိုကေလုပ်ငန်းကို တွဲလျက်ဖွင့်ထားပြီး ပြည့်တန်ဆာလုပ်ငန်းကိုပါ ဆောင်ရွက်နေကြောင်း၊ ပိုင်ရှင်ဖြစ်သူ ဦးမြတ်ကျော် (အသက် ၃၉) နှစ်နှင့် မန်နေဂျာ အမျိုးသမီးတို့ကို အမှတ် ၅ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ရဲအုပ် ရွှေမောင် မှ တရားလိုပြုလုပ်ပြီး လူကုန်ကူးမှုတားဆီးရေး ဥပဒေပုဒ်မ ၂၄ အရ တရားစွဲဆိုနိုင်ရန် စီစဉ်နေသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၇ ခုထိ ရှိခဲ့ပြီး ယခု အမှုသည် ပထမဦးဆုံး ပြည်နယ်အတွင်း ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွ့ဲ မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly