ရခိုင်အရေးတွင် ဖုံးကွယ်ထိမ်ချန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်အရေးတွင် ဖုံးကွယ်ထိမ်ချန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်ပြည်နယ်က အခြေအနေအရပ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက်၌ ပြောသည်။

အစိုးရအနေဖြင့် အဖြစ်အပျက်ကိစ္စရပ်၏ ရင်းမြစ်အထိ စုံစမ်းလျက်ရှိပြီး စုံစမ်းစစ်ဆေးမှုများ အလုံးစုံ မပြီးမချင်း မည်သည့် စွပ်စွဲမှုမျိုးကိုမျှ လုပ်ဆောင်မည် မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လုပ်ဆောင်ချက်မှန်သမျှကိုလည်း တရားဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ရခိုင်အရေးမှာ ကျွန်မတို့အနေနဲ့ ဖုံးကွယ်ထိမ်ချန်ထားတာမျိုး မရှိပါဘူး။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစောပိုင်းကလည်း ဂျပန်စီးပွားရေးအမှုဆောင်များနှင့် တွေ့ဆုံရာ၌ ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

“ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရသေးပါဘူး။ တိုင်းပြည်တွင်းက တိုင်းရင်းသားအုပ်စုတွေကြား လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးရေး တည်မြဲခိုင်မာဖို့အတွက်ဆို ငြိမ်းချမ်းရေး ရရှိမှ ဖြစ်ပါမယ်။”ဟု ၎င်းက ပြောသည်။

“တိုင်းရင်းသားပြည်သူအားလုံးက သာတူညီမျှတဲ့ အခွင့်အရေး ရရှိတယ်လို့ ခံစားရဖို့ လိုပါတယ်။ ဒါမှ ပြည်ထောင်စုစိတ်ဓာတ်နဲ့ နိုင်ငံဖြစ်ပါမယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly