ဝ အမျိုးသားရေးစပ်နွယ်သည့် ငြိမ်းချမ်းရေးပြဿနာကို အပြင်းအထန် ဝေဖန်ထားသည့် "ငြိမ်းချမ်းရေးစစ်တမ်း ၂၁" စာတမ်း ထွက်ရှိ

ဝ အမျိုးသားရေးစပ်နွယ်သည့် ငြိမ်းချမ်းရေးပြဿနာကို အပြင်းအထန် ဝေဖန်ထားသည့် "ငြိမ်းချမ်းရေးစစ်တမ်း ၂၁" စာတမ်း ထွက်ရှိ

ချင်းမိုင်၊ နိုဝင်ဘာ ၄ ။          ။ ဝသပ "ဝ တပ်"၏ အရေးသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်များအားလုံးနှင့် သက်ဆိုင်သော “ကိုယ်ပိုင်ပြဌာန်းခွင့်”ပြဿနာဖြစ်ပြီး ပြဿနာ၏ အရင်းခံကို အမိအရ ကိုင်တွယ် ဖြေရှင်းသင့်ပြီဟု ငြိမ်းချမ်းရေး စစ်တမ်း ၂၁ အမည်ဖြင့် ထုတ်ပြန်လိုက်သော စာတမ်းတွင် ဖော်ပြထားသည်။

လက်ရှိ ဝ အမျိုးသားရေးနှင့် ဆက်စပ်သော ငြိမ်းချမ်းရေး ပြဿနာများအား လူ့အခွင့်အရေးနှင့် ဥပဒေ စိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ထားသည့် စာတမ်းကို ငြိမ်းချမ်းရေး စစ်တမ်း (၂၁) အမည်ဖြင့် ဥပဒေ အထောက်အကူပြုကွန်ရက် (LAN)တည်ထောင်သူ ဦးအောင်ထူးက နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဝသပနှင့် မြန်မာစစ်တပ်တို့၏အကြား စစ်ရေးအရ တင်းမာလာခဲ့မှုမှာ ပြည်တွင်း လူထုနှင့် အိမ်နီးခြင်းနိုင်ငံများအကြား 

စိုးရိမ်ဖွယ် ရှိလာခဲ့သဖြင့် ယင်ခင်က အလားတူ တင်းမာမှုများကို နှစ်ဖက်ညှိနှိုင်းကာ ပြေလည်ခဲ့သည့် ယာယီနည်းဖြင့် ဖြေရှင်းခဲ့သည်။

“တိုင်းရင်းသားများ လိုလားတောင်းဆိုလျှက်ရှိသော ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိမည်ဆိုပါက စစ်တိုက်စရာမလိုဘဲ ငြိမ်းချမ်းသွားမည် အမှန်ပင် ဖြစ်သည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးပြဿနာကို လူ့အခွင့်အရေး၏ အရေးကြီးသော အစိတ်အပိုင်း တရပ်ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အခြေခံမှ ချဉ်းကပ်ဖြေရှင်းရမည်”ဟု ရှေ့နေ ဦးအောင်ထူးက ရေးသားထားသည်။

စာတမ်းတွင် “စစ်ရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးနှင့် “အတိတ်မေ့ရေး” မူသည် ငြိမ်းချမ်းရေးကို ဦးတည်ပါမည်လား”နှင့်  “အစွန်းရောက် အမျိုးသားရေးဝါဒနှင့် ဥပဒေ စိုးမိုးရေး”  “အပစ်ရပ်စာချုပ် NCA သည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်ခွင့် ကို ရုပ်သိမ်းမည် နိုင်ငံရေး ထောင်ချောက်” ၊ “ ဝသပ နှင့် မိုင်းလာ အဖွဲ့အကြား မြန်မာ့ တပ်မတော်က အဘယ်ကြောင့် ဝင်ရောက်စွက်ဘက်လာသနည်း” စသည့် ခေါင်းစဉ်များဖြင့် သုံးသပ်ထားခြင်း ဖြစ်သည်။

ဝသပနှင့် မိုင်းလားတို့အကြား ၁၉၈၉ ခုနှစ် နဝတ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၂၇ နှစ်ကြာ ညီအစ်ကိုရင်းသဖွယ် ရင်းနှီးလက်တွဲခဲ့သည်။ ၎င်းတပ်ဖွဲ့များသည် မြန်မာစစ်ခေါင်းဆောင်များ အလိုကျ ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) RCSS အား တိုက်ပေးခဲ့ကြသူများဖြစ်ပြီး ယင်းမှ ရရှိခဲ့သည့် အကျိုးစီးပွားများကိုလည်း ခွဲဝေခံစားခဲ့ကြပုံရှိသည်ဟု ၎င်းစာတမ်းက ဖော်ပြထားသည်။

တရားဥပဒေ စိုးမိုးရေးကို အဆက်မပြတ်ကြွေးကြော်နေသော ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်အတွင်း ရောက်နေသည်မှာ ၅ နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဝသပအရေးကို ဥပဒေ စိုးမိုးရေးနှင့် ဆန့်ကျင်လျှက်ရှိပြီး မည်သည့်အခါကမျှ ထုတ်ဖော်ဖြေရှင်းရန် မကြိုးစားခဲ့ခြင်းသည် မြန်မာစစ်ခေါင်းဆောင်များ ငြိုငြင်မည် စိုးသဖြင့် မသိခြင်ယောင်ဆောင် ထားခဲ့ပုံရှိသည်ဟု ဒီမိုကရေစီခေါင်းဆောင်အား ဝေဖန်ထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် မူကြမ်း (NCA)သည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ကို ရုပ်သိမ်းမည့် နိုင်ငံရေး ထောင်ချောက် ဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ထုတ်ပြန်လိုက်သော စာတမ်းက ဆိုသည်။

ယင်းအပြင် NCA စာချုပ်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံထားသည့်အတွက် "၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်းတွင်သာ ဝဲလည်စေသဖြင့် ငြိမ်းချမ်းရေး သင်္ချိုင်းဖြစ်နေသည်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly