တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားမှုအပေါ် စိစစ်ရေးအဖွဲ့က ရွာသားများနှင့် RCSS တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့

တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားမှုအပေါ် စိစစ်ရေးအဖွဲ့က ရွာသားများနှင့် RCSS တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခဲ့

ချင်းမိုင်၊ နိုဝင်ဘာလ ၄ ။           ။ မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နမ့်လန်၊ တုံလောနှင့် ပန်ပွိုင့်ကျေးရွာသားများနှင့် RCSS/SSA မှ တာဝန်ရှိသူ တို့ကို မေးမြန်းစစ်ဆေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် အပစ်အခတ် ရက်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)မှ အဖြစ်မှန် စုံစမ်းဖော် ထုတ်ရန်အတွက် စိစစ်အတည်ပြုရေးအဖွဲ့သည် တုံလောကျေးရွာသား ၁၅ ဦးနှင့် RCSS/SSA မှ သက်ဆိုင်ရာ တပ်မှူး များ၊ ရဲဘော် ၄ ဦးတို့ကို အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ သွားရောက် စစ်ဆေးမေးမြန်းနိုင်ခဲ့ သည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယော်အောင်က ပြောသည်။

“ကျနော်တို့ အောက်တိုဘာလ ၃၀ ရက်ကနေ ဖြစ်စဉ်မှာပါတဲ့ လူတွေနဲ့တွေ့ခဲ့တယ်။ ဘာကြောင့် ခေါ်ဆောင် သွားသလဲ ဆိုတဲ့ အခြေအနေတွေ မေးဖြစ်တယ်။ ၂ ရက်နေ့ နေ့ခင်းမှာ နမ့်လမ်ကနေ တုံလောကိုသွားပြီး လူထုတွနဲ့တွေ့ပြီး NCA  အကြောင်း၊ JMC-U အကြောင်း ကျနော်တို့ လာတဲ့အကြောင်း ရှင်းပြပါတယ်။ အဲဒီနောက် ရွာသားအဖ့ွဲတွေနဲ့ တွေ့တယ်။ ဒီကနေ့ မနက်မှာက တုံလောကနေ အခင်း ဖြစ်ပွားတဲ့ ပန်ပွိုင့် အချုပ်စခန်းရှိတဲ့ နေရာကို သွားပါတယ်။ အဲဒီကနေ အခု တောင်ကြီးကို ပြန်နေတယ်”ဟု သူက ပြောသည်။

စိစစ်အတည်ပြုရေးအဖွဲ့သည် အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်မြို့မှ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိကာ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ရှမ်းပြည်နယ် နမ့်လမ်နှင့် တုံလော ကျေးရွာတာဝန် ရှိသူ များ၊ သက်ဆိုင်ရာတပ်ဖွဲ့များနှင့် ရွာသားများကို တွေ့ဆုံ မေးမြန်းခဲ့ပြီး ယနေ့တွင် ပန်ပွိုင်ရှိ RCSS/SSA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစခန်းသို့ သွားရောက် စစ်ဆေးခဲ့သည်ဟု သူက ပြောသည်။

မနက်ဖြန် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် တပ်မတော်ဘက်မှ တာဝန်ရှိသူများကို တွေ့ဆုံ မေးမြန်းသွားမညဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်ကာ တင်သွင်းရန် အစီရင်ခံစာကို ရေးသားသွား မည်ဖြစ်ကြောင်း သူက ပြောသည်။

“အခက်အခဲမရှိဘူး။ အားလုံးက ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ ကျနော်တို့ကတော့ အရေးယူမှုဆိုတာထက်ကို နောက် နောင်မှာ ဒီလိုမျိုးမဖြစ်ပွားအောင် နှစ်ဖက် အဖွဲ့အစည်းတွေ ထိန်းသိမ်းစောင့်ရှောက်မှုဆိုတာကို ဦးတည်မှာ ဖြစ်ပါတယ်” ဟု ဆလိုင်းယော်အောင်က ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က JMC-U မှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုကို စိစစ်အတည်ပြုရေးအဖွဲ့ကို အရပ်သား ကိုယ်စား လှယ် ဦးမောင်မောင်ငြိမ်း၊ စိုင်းမျိုးသန့်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်မှ ဗိုလ်မှူး စိုင်းဦး၊ ရဲဘော် ဆလိုင်း ယော်အောင်၊ တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် ဒုဗိုလ်မှူးကြီး လင်းထင်ကျော် တို့ ၆ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွိုင့် ကျေးရွာရှိ  RCSS/SSA ၏ မူး ယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်းကို မြန်မ့ာတပ်မတော်ဘက်မှ အကြောင်းမကြားဘဲ ဝင်ရောက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ဖြေရှင်းပေးရန်  RCSS/SSA  က JMC-U တို့ထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ကို အခြားတိုင်းရင်းသား ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly