မိလ္လာ နှင့် ရေဆိုးသန့်စင်စက်ရုံများ ခရိုင်အလိုက် တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်

မိလ္လာ နှင့် ရေဆိုးသန့်စင်စက်ရုံများ ခရိုင်အလိုက် တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်
ပုဇွန်တောင်မြို့နယ် ရပ်ကွက်တစ်ခု၏ နောက်ဖေးလမ်းကြားအတွင်းမှ မိလ္လာကန်များကိုတွေ့ရစဉ် ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ နိုဝင်ဘာလ ၃ ။               ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မိလ္လာနှင့် ရေဆိုးများကို အချိန်ကုန်သက်သာပြီး နီးစပ်ရာခရိုင်၊ မြို့နယ်များ၌ သန့်စင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ခရိုင်အလိုက် တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ဌာနခွဲမှူး (ရေဆိုးသန့် စင်စက်ရုံ ) စက်ရုံးမှူး ဒေါ်ခင်အေးမြင့်က   ပြောသည်။

" ဘာကြောင့် တည်ဆောက်ဖို့ စီစဉ်နေလည်းဆိုတော့ အခုလောလောဆယ်တော့ ဗိုလ်တစ်ထောင်မြို့နယ်၊ သန်လျက်စွန်းကို မိလ္လာကားတွေ အဝေးကြီးလာလာ သွန်းနေရတယ်။ နောက်ပိုင်းကျရင်တော့ သက်ဆိုင်ရာ မြို့နယ်တွေပေါ့၊ ဥပမာ ခရိုင်အလိုက်ပေါ့။ အရှေ့ပိုင်းခရိုင်အတွက် တစ်ခု၊ အနောက်ပိုင်းခရိုင်အတွက် တစ်ခု ၊ မြောက်ပိုင်းခရိုင် တစ်ခုဆိုပြီးတော့ အကြံပြုချက်အနေနဲ့ စီမံပြီး စီစဉ်ထားတာပေါ့၊ လျာထားချက်ရှိနေပါပြီ။ ဆောက်တော့ မဆောက်ရသေးဘူးပေါ့။ " ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စီမံကိန်းကို အကောင်းအထည်ဖော်ရန်အတွက် လိုအပ်ချက်များရှိနေသည့်အတွက် ကြိုတင်ပြင် ဆင်မှုများ ဆောင်ရွက်နေပြီး ခန့်မှန်းခြေ ၂ဝ၂ဝ ခုနှစ် ခန့်တွင် စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်အေးမြင့် ကပြောသည်။

နိုဝင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ မိုင်ဒါကွင်းတွင် ပြုလုပ်သည့် မြန်မာ့အကောင်းဆုံး ရေနှင့် ရေသန့်စင်ရေး၊ စက်မှုလုပ် ငန်းသုံး ဓာတ်ခွဲခန်းပစ္စည်းများနှင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အကြီးမားဆုံး နည်းပညာပြပွဲ အခမ်းအနားတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်တစ်ထောင်မြို့နယ် သန်လျက်စွန်းတွင်ရှိ ရန်ကုန်မြို့၏ တစ်ခုတည်းသော ရေဆိုးသန့်စင်စက်ရုံကို  ၂ဝ၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံမှာ မိလ္လာစနစ်ဖြင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ဖြစ်သော လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တစ်ထောင်မြို့နယ်များမှ မိလ္လာပြွန်လိုင်းမှ လာသော မိလ္လာရေများနှင့် အခြားမြို့နယ်များမှ မိလ္လာယာဉ်ဖြင့် သယ်လာသော မိလ္လာရေများကို သန့်စင်ပေးလျက်ရှိကြောင်း သူမက ပြောသည်။

အဆိုပါ စက်ရုံမှ သန့်စင်ပြီးသော ရေကြည်ကို ရန်ကုန်မြစ်အတွင်းသို့ စွန့်ထုတ်ပြီး ရရှိလာသော မိလ္လာဖတ်များကို မြေ သြဇာအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး စိုက်ပျိုးခင်းများတွင် အသုံးပြုနေကြောင်း ၎င်းပြော ပြချက်အရ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly