ဖီဖာတစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း ထုတ်ပြန်ကြေညာ

ဖီဖာတစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း ထုတ်ပြန်ကြေညာ
 

နိုဝင်ဘာ ၃၊ ဇူးရစ် ။                     ။ ၂၀၁၆ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် နည်းပြ ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ပရီးမီးယားလိဂ် ချန်ပီယံလက်စတာအသင်း၏ နည်းပြ ရာနီရေရီ ပါဝင်လာခဲ့သည်။

ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးခဲ့သော နည်းပြဇီဒန်း၊ ပေါ်တူဂီအသင်းကို ယူရိုဖလား ရယူပေးခဲ့သည့် နည်းပြဖာနန်ဒိုဆန်းတို့စ်တို့မှာ ရာနီရေရီနှင့်အတူ ဆန်ခါတင်စာရင်းတွင် ဦးဆောင်ပါဝင်ခဲ့ကြသည်။

ဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့သည့် အခြားနည်းပြ ၇ ဦးမှာ ဝေးလ်နည်းပြ ခရစ္စကိုးလ်မန်း၊ ပြင်သစ်နည်းပြ ဒက်ချမ့်၊ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂွါဒီယိုလာ၊ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်၊ စပါးနည်းပြ ပိုချက်တီနို၊ ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်နှင့် အက်သလက်နည်းပြ ဒီယေဂိုဆီမြွန်နီတို့ ဖြစ်ကြသည်။

ယမန်နှစ်က ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်က ရရှိခဲ့သည်။ ထိုဆုအတွက် နိုင်ငံအသင်းများ၏ နည်းပြများနှင့်အသင်းခေါင်းဆောင်များ၊ အားကစား ကလောင်ရှင်များနှင့် ပရိသတ်များက အွန်လိုင်းမှတစ်ဆင့် မဲပေးရွေးချယ်ကြခြင်းဖြစ်သည်။ နောက်ဆုံးဆုရစာရင်းက အပိုင်းလေးပိုင်းမှ ၂၅ ရာခိုင်နှုန်းစီဖြင့် ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဖီဖာက နောက်ဆုံးဆန်ခါတင်နည်းပြ ၃ ဦးစာရင်းကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ပြီး ဖီဖာကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဇူးရစ်မြို့၌ ကျင်းပမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly