တိုင်းရင်းသားဒေသများအတွက် စီးပွားရေးအကူအညီ ယန်း ၄၀ ဘီလီယံ ဂျပန်က ကူညီမည်

တိုင်းရင်းသားဒေသများအတွက် စီးပွားရေးအကူအညီ ယန်း ၄၀ ဘီလီယံ ဂျပန်က ကူညီမည်

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နိုဝင်ဘာ ၂ ရက်တွင် တိုကျို၌ တွေ့ဆုံရာ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများနေထိုင်ရာ   ဒေသများအတွက် လာမည့်ငါးနှစ်အတွင်း စီးပွားရေးအကူအညီ ယန်း ၄၀ ဘီလီယံဖိုးအား တိုးမြှင့်ကူညီသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

အစိုးရအိမ်တော်တွင် နှစ်ဦး တွေ့ဆုံမှုပြီးနောက် ယခုအကူအညီသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိကဦးစားပေးပန်းတိုင်များမှ တစ်ရပ်ဖြစ်သော တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများကို ပြေလည်ငြိမ်းချမ်းရေး စွမ်းဆောင်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ဂျပန်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ရှင်ဇိုအာဘေးက သတင်းထောက်များအား ပြောသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ဂျပန်အစိုးရနှင့် ဂျပန်အခြေစိုက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ယန်း ၈၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံလုပ်ကိုင်ရန်လည်း အသင့်ရှိနေပါကြောင်း ရှင်ဇိုအာဘေးက ပြောသည်။

အဆိုပါ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးအကူအညီ နှစ်တိုးမြှင့်ကာ ကူညီခြင်းအတွက် ဂျပန်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောသည်။

“ကျွန်မတို့ရဲ့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးက ချောမွေ့တိုးတက်လျက်ရှိနေပါတယ်။”ဟု စကားပြန်မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှင်ဇိုအာဘေးတို့သည် Japan Overseas Cooperation Volunteers ဟုခေါ်သော ဂျပန်နိုင်ငံမှ စေတနာ့ဝန်ကူညီရေးအသင်းအဖွဲ့တစ်ရပ်အား မြန်မာနိုင်ငံသို့ စေလွှတ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အခမ်းအနား၌ စကားပြောဆိုခဲ့သော်လည်း သတင်းထောက်များ၏ မေးခွန်းများကို လက်ခံခြင်းမရှိပေ။

နိုဝင်ဘာ ၁ ရက်မှစကာ ဂျပန်နိုင်ငံသို့ ငါးရက်တာခရီးစဉ် ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၂ ရက် အစောပိုင်းတွင် တိုကျိုရှိ ဟိုတယ်တစ်ခု၌ ဂျပန်သို့   ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၀၀၀ နီးပါးက စိတ်အားထက်သန်စွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ လူအုပ်အား ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးစားလျက်ရှိကြောင်း၊ သို့သော်လည်း အချိန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း   ပြောခဲ့သည်ဟု ကျိုတိုသတင်းဌာနက ဖော်ပြသည်။

ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိသည့် မြန်မာများကို နိုင်ငံအတွက် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရေးအတွက် နိုင်ငံ၏ ဂုဏ်သတင်းကို မြှင့်တင်ကြပါရန်လည်း   ပြောဆိုတိုက်တွန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly