မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (အပိုင်း ၁)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (အပိုင်း ၁)
 

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

အားလုံးပဲ မင်္ဂလာပါရှင်။

ကိုယ့်ကိုကိုယ် မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်မနာမည်က ဒေါ်သင်းသင်းအောင် ဖြစ်ပါတယ်။ Mizzima Media Group ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ နောက်ပြီးတော့ အခု ဒီ Mizzima Dialouge TV Show အစီအစဉ်လေးမှာ ကျွန်မအနေနဲ့ ဆွေးနွေးပွဲကို ဦးဆောင်ပြီးတော့မှ ဆောင်ရွက်သွားမယ့် သူတစ်ယောက်ပါ။

အခု ကျွန်မတို့ရဲ့ ဆွေးနွေးပွဲလေးရဲ့ ရည်ရွယ်ချက်ကတော့ အခုဆိုလို့ရှိရင် မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ မန္တလေးမြို့ကို ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ တိုင်းဒေသကြီးအဆင့်ပေါ့၊ တိုင်းဒေသကြီး အဆင့်ကနေပြီးတော့မှ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာပဲဖြစ်ပစေ ဌာနဆိုင်ရာတွေက လိုအပ်တဲ့ အသုံးစရိတ်တွေကိုပဲ စီမံခန့်ခွဲတာပဲဖြစ်ပစေ နောက်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ဝင်ငွေလည်း ပါတာပေါ့နော်။ ဝင်ငွေရှာတဲ့နေရာပါပဲဖြစ်ပစေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ရငွေ သုံးငွေဆိုင်ရာ ခန့်မှန်းခြေ ဘတ်ဂျက် ရေးဆွဲခြင်းဆိုင်ရာ ကဏ္ဍတွေမှာ ပြည်သူတွေက ဘယ်လိုမျိုး ပါဝင်နိုင်ပြီးတော့မှ ပြည်သူတွေအတွက် တကယ်လိုအပ်တဲ့ ဦးစားပေးလုပ်ငန်းတွေမှာ ဘယ်လို သုံးစွဲသွားကြမလဲ။

အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ကျွန်မတို့ အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲသလိုမျိုး ဆွေးနွေးတဲ့နေရာမှာလည်း တစ်ယောက် နှစ်ယောက်တည်းကပဲ ပြောနေတာမျိုး မဟုတ်ပါဘူး။ ဦးဆောင်ဆွေးနွေးမယ့်သူ ဒီမှာ သုံးယောက်ရှိသလိုမျိုးပဲ ဒီမှာရှိနေတဲ့ ပရိသတ်ထဲကလည်း ကိုယ်ကနေ ဦးဆောင်ပြီးတော့ ဆွေးနွေးသလိုပါပဲ။ ပါဝင်ပြီးတော့မှ တက်တက်ကြွကြွ   ဆွေးနွေးပေးဖို့ ဖြစ်ပါတယ်။

အရင်ဆုံးကတော့ ကျွန်မ Speaker တွေကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ ညာဘက်မှာ ရှိနေတာကတော့ ဆရာကြီး ဦးဇင်အောင်ဖြစ်ပါတယ်။ ဦးဇင်အောင်ကတော့ စီးပွားရေးပညာရှင်ပါ။ စီမံဘဏ္ဍာမှာလည်း နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးမှ အခုထက်ထိကိုလည်း ဒီ စီးပွားရေးပညာနဲ့ ပတ်သက်ပြီးတော့ စာရင်းအင်းပညာနဲ့ ပတ်သက်ပြီးတော့မှ ပို့ချနေတဲ့ ဆရာတစ်ယောက် ဖြစ်ပါတယ်။

 ဒီဘက်က ဆရာမကတော့ ဆရာမ ဒေါ်ခင်ဇာနိုင်ပါ။ ဒေါ်ခင်ဇာနိုင်ကတော့ UNFPA လို့ အတိုကောက်ခေါ်တယ်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့မှာဆိုရင် အကြီးတန်း စီမံကိန်း အရာရှိတစ်ယောက်   ဖြစ်သလို ကျားမရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။

ဘယ်ဘက်အစွန်ဆုံးကတော့ ဆရာ ဦးအောင်ဆွေ ဖြစ်ပါတယ်။ ဦးအောင်ဆွေကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ယောက် ဖြစ်ပါတယ်။ အားလုံးကို Dialouge အစီအစဉ်ကနေ ဆိုကြိုပါတယ်။

ခုနက ကျွန်မ ပြောသလိုပဲ ဘတ်ဂျက် ရေးဆွဲတဲ့အခါမှာ ပြည်သူတွေအတွက် ဘယ်လိုမျိုး ဦးစားပေးတဲ့ကဏ္ဍတွေကို ဘယ်လို ရွေးချယ် ထည့်သွင်းသွားမလဲဆိုတာရယ်၊ နောက်ပြီးတော့ ပြည်သူတွေကရော ဘယ်လိုမျိုး ကိုယ်တိုင်ပါဝင်နိုင်မလဲ ဒီ ဆုံးဖြတ်ချက် ချတဲ့နေရာမှာပေါ့။ အဲဒီကဏ္ဍလေးနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ဆရာ ဦးဇင်အောင်အနေနဲ့ အရင်ဆုံး Stagement လေး   ပြောပေးစေချင် ပါတယ်ရှင်။ တစ်ယောက်ကို ၂ မိနစ်စီပေါ့ First Round မှာ တစ်ယောက်ပြီးတစ်ယောက် ပြောသွားမယ်။ ပြီးလို့ရှိရင် ပရိသတ်ပြောမယ်။ နောက်ဆုံး ဒုတိယတစ်ခေါက်မှာလည်း ပြန်ပြီးတော့ Second Round ပြန်စမယ်နော်။

ဦးဇင်အောင်

စီးပွားရေးပညာရှင်

ရသုံးမှန်းခြေ ငွေစာရင်း ဆွဲတဲ့အခါမှာ ကျွန်တော် ရငွေပိုင်းနဲ့ သုံးငွေပိုင်းနဲ့ အိမ်ထောင်စု တစ်ခုမှာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုမှာပဲဖြစ်ဖြစ် သုံးတော့မယ်ဆိုရင် ရငွေကိုတော့ အရင်ဆုံး ရအောင် ရှာရမှာပါ။ ရငွေရတဲ့ ဘောင်အတွင်းကနေပြီးတော့ ကိုယ့် စီမံခန့်ခွဲမှုနဲ့ အသုံးစရိတ်ကို ခွဲဝေ သုံးစွဲရမှာပါ။

အဲတော့ ဒီ ရငွေကို နိုင်ငံတစ်နိုင်ငံအနေနဲ့ဆိုရင် ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံရဲ့ ရငွေက ဘယ်အပေါ်မှာ မှီတည်နေသလဲဆိုတော့ အခွန်ပေါ်မှာ အများကြီး မှီတည်နေပါတယ်။ ရေရှည်ကာလ တိုးတက်မှုအတွက် ကြည့်မယ်ဆိုရင် အခွန်များများရဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ဒီ အခွန်များများရဖို့အတွက်ကို ပြည်သူတွေဆီကပဲ ကောက်ခံရမှာပါ။ အဲတော့ ဒီ အခွန်စနစ်ကို ပြည်သူတွေက နားလည်မှ အခွန်ပေးဆောင်မှုစနစ်ကို ပြည်သူတွေက နားလည်မှ ကျွန်တော်တို့ အခွန်မျာများ ရရှိမှာဖြစ်ပါတယ်။ အဲတော့ ပြည်သူတွေကိုလည်း ဒီ အခွန်ပေးဆောင်ခြင်းအားဖြင့်   ပြည်သူတွေအတွက်   နိုင်ငံတော်ကနေပြီးတော့ ပြန်လည်တုံ့ပြန်မှုအနေနဲ့ ဘာတွေလုပ်ဆောင်နိုင်တယ်၊ ဘာတွေ ပေးဆောင်နေတယ်၊ ဘာတွေ ပေးဆောင်မလဲ ဆိုတာကို လည်း ကျွန်တော်တို့ တာဝန်ရှိတဲ့ သက်ဆိုင်ရာ တိုင်းအဆင့်ကပဲဖြစ်ဖြစ် ခရိုင်အဆင့်ကပဲဖြစ်ဖြစ် မြို့နယ်အဆင့်ကပဲဖြစ်ဖြစ် အဲဒီ အခွန်ကောက်တဲ့ သူတွေက   ပြည်သူတွေကို ရှင်းရှင်းလင်းလင်း သိဖို့ထက်ကို ရှင်းပြဖို့ လိုပါမယ်။

တစ်ခါ ပြည်သူတွေက အခွန်စနစ်ကို ရှင်းရှင်းလင်းလင်း သိလာပြန်တော့လည်း ဒီ အခွန်ပေးဆောင်မှု စနစ်ကိုလည်း လွယ်လွယ်ကူကူနဲ့ ကျွန်တော်တို့ ပေးဆောင်နိုင်အောင် စီစဉ်ထာပေးဖို့ လိုအပ်ပါတယ်။ အခု လောလောဆယ်မှာ ပြည်သူတွေ ဆောင်နေတဲ့ အခွန်တွေဆိုလို့ရှိရင် ပေးရတဲ့အခွန်က နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ အခွန်ပေးဆောင်မှုက လွယ်လွယ်ကူကူနဲ့ ပေးဆောင်ရတဲ့ Process အဆင့်မျိုး မရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခွန်တစ်ခုကို ပေးဆောင်တော့မယ်ဆိုရင် စာရွက်စာတမ်းတစ်ခု ပြည့်စုံအောင် လုပ်ရတာနဲ့ ဘဏ်သွားရတာနဲ့ စသည်ဖြင့်ပေါ့လေ အဲတော့ ကျွန်တော်တို့က One Stop Service လိုဟာမျိုး ဖြစ်နိုင်အောင် စီစဉ်ပေးထားရင် ကျွန်တော်တို့ မြို့နယ်တိုင်း၊ ခရိုင်တိုင်း၊ တိုင်းတိုင်းမှာ ဘာဖြစ်ပေါ်လာမလဲဆိုတော့ ရငွေဟာ အလုံအလောက်   ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲလို အလုံအလောက် ဖြစ်ပေါ်လာရင် ကျွန်တော်တို့ အခု သွားချင်နေတဲ့ Bottom up ဘတ်ဂျက်ရေးဆွဲနည်း အဆင့်ကိုတော့ အလျင်အမြန်နဲ့ မလွဲမသွေ ရောက်မယ်လို့ ကျွန်တော် ယုံကြည့်ပါတယ်။

အဲတော့ ဘာပဲဖြစ်ဖြစ် ဒီဘတ်ဂျက်ကို ရေးဆွဲတဲ့အခါမှာ အဓိက ပြည်သူတွေက အခွန်စနစ်ကို နားလည်ပြီးတော့ ပြည်သူတွေက အခွန်ကို တာဝန်ကျေကျေ ထမ်းဆောင်ပြီးတော့ ပြည်သူတွေဆီက ရတဲ့အဖြေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ရေးဆွဲ ဆောင်ရွက်ဖို့က အဓိကပဲ ဖြစ်ပါတယ်လို့ ကျွန်တော်ပြောချင်တယ်။ 

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာကတော့ အခွန်နဲ့ပတ်သက်ပြီးတော့ တိုင်ပြည်တစ်ပြည်မှာ ဝင်ငွေရှိဖို့လိုတယ်။ အဲဒီဝင်ငွေကို အခွန်ကနေကောက်မယ်။ အခွန်ကိုလည်း   ပြည်သူတွေ   ပေးချင်လာအောင်ပေါ့နော်။ ဒါကို ပြောသွားတယ်။ ဆိုတော့ ဆရာ ဦးအောင်ဆွေကရော ရှင်။ ဘာအချက်ကို ပြောချင်ပါသလဲ။

ဦးအောင်ဆွေ (ညွှန်ကြားရေးမှူး)

ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့။

ကျွန်တော့်အနေနဲ့ကတော့ ဒီ ဘတ်ဂျက်ရေးဆွဲတဲ့အချိန်မှာ ပြည်သူဗဟိုပြု ရေးဆွဲရေး၊ ဆိုလိုတာက Bottom up ရေးဆွဲခြင်းကို ကျွန်တော်တို့အားလုံး မျှော်မှန်းပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ စတင်ပြီးတော့ ရေးဆွဲတော့ ရေးဆွဲနေပါတယ်။ သို့သော်လည်းပဲ ဒီကိစ္စက သိပ်တော့ မပီပြင်သေးဘူးပေါ့လေ။ အဲလို ပီပီပြင်ပြင် ဖြစ်လာဖို့ဆိုတာကတော့ ကျွန်တော်တို့ စောစောကလို ဒီ အောက်ခြေမှာ ရပ်ကွက်ကျေးရွာအုပ်စုတွေ မြို့နယ်အဆင့်တွေမှာကို လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူ့ သက်ဆိုင်ရာ မြို့နယ်တွေမှာ တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူ့နယ်တွေမှာ တာဝန်ပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ ဒီအဖွဲ့တွေရယ် ရပ်မိရပ်ဖတွေရယ် နောက်တစ်ခါ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရယ်   နောက်ပြီးတော့   ပြည်သူတွေ ရယ်ပေါ့လေ ဒီအဖွဲ့တွေ အားလုံး ပူးပေါင်းပြီးတော့ ကျွန်တော်တို့တွေ ဦးစားပေးလုပ်ငန်းတွေ ဌာနအတွင်းမှာ သူတို့ရဲ့ နေရာဒေသ အတွင်းမှာပေါ့လေ။ ဘယ်လုပ်ငန်းတွေကို ဦးစားပေးပြီးတော့ ဘယ်ဟာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ရွေးချယ်ကြဖို့ လိုပါတယ်။ အဲလို ညှိနှိုင်း ရွေးချယ်ကြပြီးတဲ့အခါကျတော့ အဲဒါတွေကို ကျွန်တော်တို့ မြို့နယ်အဆင့်မှာ ပြန်ပြီးတော့ ဆွေးနွေးမယ်။ မြို့နယ်အဆင့်ကနေ အားလုံး အဆင်ပြေပြီဆိုတဲ့ အချိန်ကျတော့ ကျွန်တော်တို့ ခရိုင်အဆင့်ကို တင်ပါမယ်။ ခရိုင်ကလည်း တစ်ခါ ထပ်ပြီးတော့ ထပ်မံ ဒီကိစ္စကို ရွေးချယ်ပြီး သတ်မှတ်ပြီးတော့မှ တိုင်းအဆင့်ကို ကျွန်တော်တို့ ပြန်ပြီးတော့ တင်ပါမယ်။

တိုင်းအဆင့်ရောက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့ ဒီမှာ တိုင်းအစိုးရ ရုံးအနေနဲ့လည်း ဒါ အဖွဲ့ဝင်တွေ ဝန်ကြီးတွေ ပါဝင်တဲ့ အဖွဲ့တွေကနေပြီးတော့ ဒါ ကျွန်တော်တို့ ဝန်ကြီးတွေဆိုရင်လည်း သူ့မြို့နယ်အလိုက် သူ့နယ်အလိုက် တာဝန်ပေးထားတာရှိတယ်။ ဒါကြောင့်မို့ ဝန်ကြီးတွေဆိုရင်လည်း သူ့မြို့နယ်အလိုက် နယ်တိုင်းနယ်တိုင်းကို နားလည်ပြီးသား ကျွမ်းကျင်ပြီးသား စည်းရှိပြီးသား လိုအပ်ချက်တွေကို အားလုံး အနီးစပ်ဆုံး သိရှိပြီးသား ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီမှာ ကက်ဘိနက်မှာ ပြန်ပြီးတော့ဆုံးဖြတ်ပါတယ်။

ဆုံးဖြတ်ပြီးတဲ့အခါကျမှ ဒီဥစ္စာတွေကို တကယ့် အလိုအပ်ဆုံး ဘတ်ဂျက်မှာ တကယ့်ကို တောင်းကိုတောင်းရမယ့် မဖြစ်မနေကို တောင်းကိုတောင်းရမယ်ဆိုတဲ့ ဥစ္စာတွေကို ရရှိပြီးတဲ့နောက်မှာ ဒါကို ဘတ်ဂျက်မှာ ထည့်သွင်းပြီးတော့မှ ကျွန်တော်တို့ တောင်းခံပြီးတော့ တိုင်းလွှတ်တော်မှာ ကျွန်တော်တို့ ဆွေးနွေး အတည်ပြုကြပါမယ်။ ပြီးတော့မှ ကျွန်တော်တို့ ဘဏ္ဍာရေးကော်မရှင်တင် ပြည်ထောင်စု လွှတ်တော်တင်ပြီးတော့မှ အဲဒီက ပြန်ကျလာတဲ့အခါမှာ ကျွန်တော်တို့ ဒါ ထပ်မံပြီးတော့ အတည်ပြု ဆွေးနွေးကြပြီးတော့ ဘတ်ဂျက်ဥပဒေကို ထုတ်ပြန်ပြီးတော့ အားလုံးကို ပြန်ပြီးတော့ သုံးစွဲကြရမှာ   ဖြစ်ပါတယ်။

အဲသလို သုံးစွဲတဲ့အခါမှာလည်း စောစောကလို သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကို တတ်နိုင်သမျှ ပြောင်းလဲမှုမရှိပဲနဲ့ သုံစွဲကြဖို့လိုပါတယ်။ ဖြစ်နေတဲ့အနေအထားအရ ကျွန်တော်တို့ ဘတ်ဂျက်မှာ တင်ပြလိုက်တုန်းက ကျွန်တော်တို့က တစ်မျိုးပေါ့ ပြီးတော့မှ လက်ရှိ သုံးတဲ့အခါကျတော့ အဲဒီနေရာတွေက အမှန်တကယ် မသုံးနိုင်တော့တဲ့ အနေအထားမျိုးတွေဖြစ်တယ်။ ဒါကြောင့်မို့ အဲသလို ဘတ်ဂျက် မရေးဆွဲခင်ကတည်းက စပြီးတော့ ရေးဆွဲဖို့ကို ကြိုးစားတဲ့အချိန်မှာကတည်းက အတတ်နိုင်ဆုံး အနီးစပ်ဆုံး အကောင်းဆုံး အဖြစ်နိုင်ဆုံး စဉ်းစားပြီးတော့မှ တင်ပြကြလို့ရှိရင် (ဒီကိစ္စ လုပ်ငန်းပြောင်းဆိုတဲ့) ဘတ်ဂျက်မှာ ပြောင်းလဲသုံးစွဲရတာတွေ နည်းပါးသွားပြီးတော့ ကျွန်တော်တို့တွေ အကောင်းဆုံး အမှန်ဆုံး ဘတ်ဂျက်မှာ တောင်းခံခြင်း သုံးစွဲခြင်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒေါ်ခင်ဇာနိုင် (အကြီးတန်းအရာရှိ)

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၏

မြန်မာနိုင်ငံမှာ မွေးမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံး တိုင်းပြည်ထဲက တစ်ခုပါဝင်တဲ့ ကျွန်မတို့ အာဆီယံနိုင်ငံတွေထဲမှာ တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်း ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်း အများကြီး မြင့်နေတာကို ကျွန်မတို့ တွေ့ရတယ်။

အဲဒီတော့ ဒီ ဘတ်ဂျက် Location လို့ ကျွန်မတို့ ပြောတယ်။ ဒီ Heart အတွက်ကို ကျန်းမာရေးခွဲဝေမယ်။ ဆိုလို့ရှိရင် အဓိကအားဖြင့် တိုင်းနဲ့ပြည်နယ် ၁၅ ခုမှာ ကြည့်လိုက်။ တစ်နှစ်အောက်ကလေ၊ ငါးနှစ်အောက်ကလေး မွေးမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးသော ပြည်နယ်တွေက ဘယ်ပြည်နယ်တွေလဲ ကျွန်မတို့ ကြည့်ဖို့လိုတယ်။ ကြည့်လိုက်ရင် ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် တစ်နှစ်အောက်ကလေ၊ ငါးနှစ်အောက်ကလေး မွေးမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံး တိုင်းပြည်ထဲမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ် စသည်ဖြင့် ဒါတွေက ထိပ်ဆုံးမှာ ပါဝင်တယ်။

ဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လိင်မှုဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကလေးသူငယ် သေဆုံးမှုနှုန်းတွေကို ကြည့်မယ်ဆိုလို့ရှိရင် ဒီပြည်နယ်တွေကို ဦးစားပေးပြီး လုပ်ဆောင်ရမယ်။ ဒီပြည်နယ်တွေကို ဘတ်ဂျက် ပိုပြီး ခွဲဝေ ချပေးရမယ်ဆိုတဲ့ အစီအမံတွေဟာ ကျွန်မတို့ အခုပြောတဲ့ အီကိုနော်မီပေါ့နော်။ ကဲအီကိုနော်မီမှာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ဝန်ထုပ်ဝန်ပိုး တာဝန်တွေကို လျော့ချပေးရာရောက်တယ်ဆိုတော့ လုပ်ဖို့ကတော့ အများကြီး ရှိပါတယ်။ ကျွန်မ ဒီလောက်ပဲ ပြောပါရစေ။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly