လူကာကူနှင့်ဘိုလာဆီတို့မှာ ပရီးမီးယားလိဂ် ခံစစ်သမားများအတွက် နားလည်ရ အခက်ဆုံးတိုက်စစ် အတွဲဖြစ်

လူကာကူနှင့်ဘိုလာဆီတို့မှာ ပရီးမီးယားလိဂ် ခံစစ်သမားများအတွက် နားလည်ရ အခက်ဆုံးတိုက်စစ် အတွဲဖြစ်
 

နိုဝင်ဘာ ၂၊ အင်္ဂလန် ။           ။ အဲဗာတန်အသင်း၏တောင်ပံကစားသမား ဘိုလာဆီက ၎င်းနှင့်လူကာကူတို့သည် ပြိုင်ဘက်ခံစစ်ကစားသမားများ နားမလည်စေရန်အတွက် ၎င်းတို့နှစ်ဦးသာ နားလည်သော အာဖရိကန်ဘာသာစကားတစ်မျိုးကို အသုံးပြုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဘိုလာဆီနှင့် လူကာကူတို့သည် Lingala - a Bantu ဟုခေါ်သည့် နားလည်ရန်ခက်ခဲသော အာဖရိကန်ဘာသာစကားကို အသုံးပြုကာ ကွင်းအတွင်း ဆက်သွယ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ ပရီးမီးယားလိဂ်ခံစစ်ကစားသမားများအတွက် နားလည်ရအခက်ဆုံး တိုက်စစ်အတွဲဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲပြီးဆုံးချိန်တွင် အဲဗာတန်အသင်းမှာ အဆင့်ခြောက်နေရာတွင် ရပ်တည်နေသည်။ ဘိုလာဆီမှာ သူ၏အသင်းဖော် လူကာကူအတွက် လေးဂိုးဖန်တီးပေးထားသည်။ ၎င်းတို့နှစ်ဦး၏ စွမ်းဆောင်ရည်မှာ ပရီးမီးယားလိဂ်ရှိ အခြားတိုက်စစ်အတွဲများထက် ပိုမိုကောင်းမွန်ကြောင်း အချက်အလက်များက ဖော်ပြလျက်ရှိသည်။

ဘိုလာဆီက ‘ရိုးရာအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လို့ ကျွန်တော်တို့နှစ်ယောက်လုံး ဂုဏ်ယူကြပါတယ်။ လူကာကူရဲ့အကိုက ကွန်ဂိုမှာ ကစားနေတယ်ဆိုတာ ကျွန်တော်သိထားပါတယ်။  Lingala ဘာသာစကားနဲ့ ကွင်းထဲမှာ ဆက်သွယ်တာက တကယ်ကို အထောက်အကူပြုပါတယ်။ ဒီဘာသာစကားပြောနိုင်တဲ့ ကစားသမားက အနည်းငယ်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလိုဆက်သွယ်တာက ကျွန်တော်တို့ကို တစ်ပန်းသာစေပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly