မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို အစိမ်းရောင်စာအုပ်(CI) ကဒ် ထုတ်ပေးတော့မည်

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို အစိမ်းရောင်စာအုပ်(CI) ကဒ် ထုတ်ပေးတော့မည်

ချင်းမိုင်၊ နိုဝင်ဘာ ၁ ။                       ။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကဒ်ဖြင့် အလုပ်လုပ်ကိုင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း မည်သူမည်ဝါဖြစ်ကြောင်း  အထောက်အထားကဒ်ဖြစ်သော (certificate of Id entity-CI) စာအုပ် ထုတ်ပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။

အဆိုပါ CI ကဒ်ကို နိုဝင်ဘာလလယ်ပိုင်းမှ စတင်၍ ထုတ်ပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။

“ထိုင်းအစိုးရနဲ့ သဘောတူထားတာ ကြာပါပြီ။ မကြာခင်မှာ လုပ်ပေးပါ့မယ်။ ကျနော်တို့က ပန်းရောင်ကဒ် ထုတ်ပေးထား တဲ့အတွက် ကျနော်တို့က CI ထုတ်ပေးတာ။ CI က တရားဝင် ဗီဇာထုတ်ပေးမယ်။ သွားလို့ လာလို့ ရမယ်။ အချိန်မရွှေး ဘယ်သွားသွား သွားလို့ရတယ်။ နောက် တခုက အိမ်ပြန်မယ်ဆိုရင်လည်း ရတယ်။ CI ကတော့ အစိမ်းရောင်စာအုပ်ပါ” ဟု အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က မဇ္ဈိမကို ပြောသည်။

ယင်း CI စာအုပ် ပြုလုပ်ရန်အတွက် ကုန်ကျငွေ ထိုင်းဘတ် ငွေ ၄၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

CI စာအုပ် ထုတ်ပေးမည့် ဌာနများကို မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ မဟာချိုင်၊ စမွန်ဆာခွန် စသည့်နေရာများ အပါအဝင် ဌာန ၆ ခုတွင် ဖွင့်လှစ်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

ခရမ်းရောင် ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ၄ နှစ် သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမာအချို့ အတွက်မူ ဆက်လက် သက်တမ်းတိုးပေးတော့မည် မဟုတ်တော့သဖြင့် CI ကဒ်မှတဆင့် သာမန်နိုင်ငံကူးလက်မှတ် လုပ်ပေး မည်ဖြစ်ကြောင်း ဦးမိုးအောင်ခိုင်က ပြောသည်။

သာမန်နိုင်ငံကူးလက်မှတ် လုပ်ရန်အတွက် အလုပ်သမားများအနေဖြင့် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ရှိရမည် ဖြစ်ကြောင်းနှင့် အလုပ်သမားကိုယ်တိုင် လာရောက်ရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိပြီး မြန်မာနှင့် ထိုင်းအစိုးရ သဘောတူညီချက်အရ တရားဝင် အလုပ်လုပ်ကိုင်သူ ဦးရေ ၁.၇ သန်းခန့်သာရှိသည်ဟု သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly