အဆိပ်သင့်ငါးပိ

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေပါတယ်

မကြာသေးခင်က ရန်ကုန်မြို့ရဲ့  ဈေးတစ်ခုအတွင်း သားငါး ရောင်းတဲ့နေရာကို ရောက်သွားချိန်မှာ အံ့သြစရာ အခြေအနေ တစ်ခုကို တွေ့ခဲ့ရပါတယ်။

ဟင်းသီးဟင်းရွက်တန်းမှာတော့ ယင်ကောင်တွေ တဝီဝီ ပျံသန်းနေပေမယ့် ငါးပိဆိုင်တွေမှာတော့  ယင်ကောင် တစ်ကောင်မှမရှိသလို၊ ငါးပိပုံထဲမှာလည်းလောက်ကောင်လေးတွေကို မတွေ့ရပါဘူး။  ငါးပိနဲ့လောက် ရွှေနဲ့ကျောက်လို့ ဆိုကြပေမဲ့ ငါးပိဆိုင်တွေရဲ့ အနေအထားက အဲဒီဆိုရိုးစကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

မြန်မာတွေရဲ့ ရိုးရာအစားအစာ ငါးပိမှာ ဆိုးဆေး၊ ယင်မနားဆေး၊ လောက်သေဆေး၊ ပိုးသတ်ဆေးတွေပါဝင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်နဲ့ချီ ရှိခဲ့ပေမယ့်လည်း ငါးပိနဲ့ ပတ်သက်တဲ့ သုတေသနတွေ ထွက်ပေါ်လာခြင်း မရှိသေးသလို စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတာ လေထဲ တိုက်အိမ်ဆောက်သလို မှုန်ဝါးဝါးဖြစ်နေဆဲပါ။

ကင်ဆာနဲ့ ရောဂါစုံဖြစ်ပွားနေခြင်းဟာ လူသုံးများတဲ့ ငါးပိထဲ ပိုးသတ်ဆေး၊ ဓာတုဆေးပါဝင်မှုနဲ့ ဆက်စပ်နေပြီး ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ လိုအပ်နေချိန်မှာ အစားအစာတွေ ဘေးကင်းလုံခြုံအောင် အစိုးရက ယခုထက်ပိုပြီး ထိထိရောက်ရောက် မလုပ်ဘူးလားလို့   မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ငါးပိထဲက  အာဆင်းနစ်

ရန်ကုန်မှာ အစားအစာသုတေသီတချို့ရဲ့ အကူအညီနဲ့ ဈေးကွက်ထဲက ငါးပိနမူနာတချို့ယူပြီး အစိုးရအသိအမှတ်ပြုဓာတ်ခွဲခန်း ၁ဝ ခု လောက်ကိုမကြာသေးခင်က သွားရောက်ဆက်သွယ်ရာမှာ ဓာတ်ခွဲခန်း၄ခုကသာ ငါးပိကို လက်ခံစစ်ဆေးနို်င်တာ တွေ့ရပါတယ်။ အဲဒီထဲမှာပဲဓာတ်ခွဲခန်း၂ခုက အာဟာရတန်ဖိုးတွေကိုသာစစ်ဆေးပေးနိုင်တာပါ။

ဓာတ်ခွဲခန်း တစ်ခုရဲ့ အဖြေကတော့ မျှင်ငါးပိနမူနာမှာ အာဆင်းနစ် ပါဝင်မှု မရှိပါဘူး။  တခြား ဓာတ်ခွဲခန်းတစ်ခုရဲ့ တွေ့ရှိချက်ကတော့  အာဆင်းနစ်ဓာတ်ပါဝင်မှုက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ချက်ထက် ၅ ဆနီးပါး ပိုနေပါတယ်။ ဓာတ်ခွဲခန်းမှူးကတော့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဓာတုဆိုးဆေးကြောင့်လို့ ပုံသေ ပြောလို့မရဘူး၊ ဧရာဝတီတိုင်းဒေသကြီးကထွက်တဲ့ ငါးပိတွေမှာဆို ရေကတစ်ဆင့်ပါဝင်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အစားအသောက် ဆိုင်ရာ ပညာရှင် ဒေါက်တာစိုးခိုင်ကလည်း  ဒေသတချို့ရဲ့ မြစ်ချောင်း၊ အင်းအိုင်များက ရရှိတဲ့ ငါးပုစွန်တွေမှာ အာဆင်းနစ်က သဘာဝ အလျောက် ပါဝင်နိုင်သလို၊ ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်မှာလည်း ပါဝင်လာနိုင်ခြေရှိတယ်လို့  ရှင်းပြပါတယ်။

အာဆင်းနစ် အဆိပ်သင့်ရောဂါလက္ခဏာတွေထဲ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ပါဝင်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာအသည်းကင်ဆာကကင်ဆာရောဂါအားလုံးရဲ့ တတိယ အဖြစ်အများဆုံးအဆင့်မှာရှိနေကြောင်း ရန်ကုန်၊ လမ်းမတော် မြို့နယ် ခုတင် ၅ဝဝဆံ့ ဆေးရုံကြီးရဲ့မှတ်တမ်းများ အရသိရပါတယ်။

အဲဒီ ဆေးရုံမှာ အသည်းနဲ့ ပတ်သက်ပြီးကုသမှု ခံယူနေတဲ့ လူနာများစွာထဲမှာ တစ်ဦးက ၅၆ နှစ် အရွယ် ဒေါ်ခင်ခင်စော ဖြစ်ပါတယ်။

 “ရုတ်တရက် ခေါင်းမူးပြီးကြွက်တက်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကိုရောက်မှပဲကျွန်မမှာဆီးချို၊ သွေးတိုးသာမကဘဲ အသည်းကိုပါ ထိနေတယ်ဆိုတာသိရတာ” လို့ ဒေါ်ခင်စောကဆိုပါတယ်။

“နေ့တိုင်းစားနေတဲ့ ငါးပိမှာ ဆိုးဆေးတွေ၊ ယူရီးယားတွေ ထည့်တယ်လို့ အပြင်မှာပြောကြတာပဲ။ ငါးပိရည်မပါရင် ထမင်းစားမမြိန်လို့စားနေတာပဲ။ အခုတောင် သွေးတိုးရောဂါရှိတယ်လ့ို ဆရာဝန်ပြောလို့လျှော့စားနေရတယ်”

သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ကင်ဆာအပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက မြင့်မားလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သည့် ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာမြင့်ရွှေက ပြောပါတယ်။ တခြားရောဂါတွေကြောင့် သေဆုံးသူရာခိုင်နှုန်းထက် ထက်ဝက်ကျော်ရှိနေတယ်လို့ သူက ဆိုပါတယ်။

အာဆင်းနစ်အဆိပ်သင့် အစားအစာတွေကြောင့်အသည်း၊  ကျောက်ကပ် ပျက်စီးစေတယ်၊  ရောဂါလက္ခဏာ ပေါ်လာဖို့လည်း ၅ နှစ်မှ ၁၅ နှစ်အတွင်း ကြာတတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

အာဆင်းနစ် ပါဝင်တဲ့ရေကို သောက်သုံးရတဲ့ ဒေသက ဒေသခံတွေ အနေနဲ့ ဆီးအိမ်၊ အဆုတ်၊ အရေပြားကင်ဆာတို့ ဖြစ်စေနိုင်ပြီးအရေပြားပြဿနာများ၊ သွေးလည်ပတ်မှုစနစ်၊ ပင်ကို ခုခံအားစနစ် နဲ့ အာရုံကြော စနစ်တွေကို ပျက်စီး ထိခိုက်စေနိုင်တယ်လ့ို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

ငါးပိ ဈေးကွက်

မြန်မာပြည်သား အများအပြား နှစ်သက်ကြတဲ့ ငါးပိကိုဧရာဝတီတိုင်း ဒေသကြီးမှာ စီးပွားဖြစ် ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအနှံ့ ဖြန့်ချိနေပါတယ်။

ဈေးနှုန်းအနည်းငယ် မြင့်မားတဲ့မြိတ်၊ ထားဝယ်ဒေသနဲ့ ရခိုင်ပြည်နယ်ထွက်ငါးပိက ဒေသတွင်းစားသုံးမှုများပြီး တစ်ခြားဒေသကိုတင်ပို့မှု နည်းပါတယ်။

နှစ်စဉ်ငါးပိနဲ့ ငန်ပြာရည်တန်ချိန်၃,၁ဝဝ၊ ငါးခြောက်တန်ချိန်၅၃,ဝဝဝ လောက်ကို အလုပ်သမားအင်အား ၆,ဝဝဝဝန်းကျင်နဲ့ ထုတ်လုပ်နေကြောင်း ငါလုပ်ငန်း ဦးစီးဌာနရဲ့ ခန့်မှန်းစာရင်းတွေမှာ တွေ့ရပါတယ်။

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ငါးပိ၊ ငါးခြောက်ဇုန်မှာ အလုပ်ရုံ၄ဝဝဝန်းကျင်ဟာ မြေအောက်ရေကိုသာသုံးစွဲကြပြီး  ရေသန့်စက်တွေ တပ်ဆင်သုံးစွဲဖ့ိုတွက်ခြေ မကိုက်နိုင်ဘူးလု့ိ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ငါးပိလုပ်ငန်းလုပ်ကိုင်သူတွေက စည်ပင်သာယာရေးကော်မတီ၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှာ လုပ်ငန်းလိုင်စင်လျှောက်ဖို့ လိုအပ်ပါတယ်။ ငါးပိလုပ်ငန်းရှင်၂ဝဝ ကျော်က ငါးလုပ်ငန်းဦးစီးဌာနမှာလိုင်စင် တင်ထားတယ်၊ ဒါဟာ နိုင်ငံတစ်ဝန်းလုပ်ငန်းရှင် အရေအတွက်ရဲ့ ၁ဝရာခိုင်နှုန်းကိုသာ ကိုယ်စားပြုတယ်လို့မြန်မာနိုင်ငံ ငါးပိ၊ငါးခြောက်၊ငန်ပြာရည်ထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

မျှင်ငါးပိနဲ့ ဆိုးဆေး

ငါးပိဆိုတာ မိသားစု အများစုရဲ့ မီးဖိုခန်းထဲမှာ သိမ်းဆည်း သိုလှောင်ထားတဲ့ အစားအစာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကိုရောက်နေတဲ့ မြန်မာတွေ အမြဲတောင့်တမိတဲ့ အစားအစာစာရင်းမှာလည်း ငါးပိရည်၊ ငါးပိထောင်းကထိပ်တန်းမှာနေရာယူထားပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့နယ်နေ ဒေါ်ခင်မေမြင့်က “ဇာတိမြေဖြစ်တဲ့ သံတွဲကပဲ မျှင်ငါးပိကို မှာပြီးတော့ သုံးတာ။ လတ်ဆတ်တဲ့ မျှင်ကောင်တွေကို ထောင်းထားတဲ့အတွက် အနံ့ပိုကောင်းတယ်။ အိမ်ကဟင်းချက်တဲ့ အခါ မပါမဖြစ်ဆိုတော့၁ နှစ်စာလောက်ကို ဝယ်လှောင်ထားရတယ်” လ့ို ပြောပြပါတယ်။

ငါးပိမှာအာဟာရဓာတ်တွေ၊ ဗီတာမင်တွေအများကြီးပါဝင်တဲ့အတွက် အရိုးအဆစ်သန်မာစေရုံမက ကျန်းမာရေးအတွက်လည်း များစွာ အကျိုးပြုတယ်လို့ ပညာရှင်တွေဆီက သိရပါတယ်။

ကမ်းရိုးတန်းဒေသမှာ ငါးခြောက်လုပ်ဖို့ စံမမီတဲ့ငါးတွေကို ကြိတ်ပြီး ဆားလူး လိုက်ပါတယ်။ အဲဒီနောက် ပုစွန်ဖွဲခွံ ရောထည့်ပြီး ကြိတ်ရပါတယ်။ လုပ်ငန်းရှင်တချို့ကတော့ မကြိတ်ခင်မှာ ဆိုးဆေးကို ရေဖျော်ပြီးဖြန်းတယ်၊  သုံးခေါက်လောက် ကြိတ်လိုက်ရင် အရောင်ညီညာတဲ့ မျှင်ငါးပိကို ရနိုင်တယ်လို့  ပြောပါတယ်။ 

ဈေးကွက်မှာ မျှင်ငါးပိ ရောင်းပန်းလှဖို့ ဓာတုဆေး အသုံးပြုလာတာနှစ်ပေါင်း ၄ဝဝန်းကျင် ကြာခဲ့ပြီလို့ သိရပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)က တားမြစ်တာတွေ ရှိပေမယ့် ငါးပိ ထုတ်လုပ်သူတချို့က တားမြစ်ဆိုးဆေးတွေရဲ့ အန္တရာယ်ကို သိပုံမရကြပါဘူး။  စားသုံးသူတချို့ကလည်း မျှင်ငါးပိ ဆိုတာ အနီရောင်လို့ ထင်မှတ်နေတာတွေလည်း ရှိပါတယ်။

မျှင်ငါးပိ အရောင်နီနေတိုင်းလည်း အရောင်ပါတယ်လို့ ပြောလို့ မရပါဘူး။ ပင်လယ် လေတိုက်တာတွေ ပြောင်းလဲတဲ့အခါ သဘာဝအရောင်ပါတဲ့ မျှင်ငါးပိကို ရရှိနိုင်ပါသေးတယ်။

အရောင်ထည့်ရခြင်းရဲ့ အားသာချက်ထဲမှာ အရသာ ခါးသက်မသွားခြင်း၊ တာရှည်အထားခံခြင်းတို့ ပါဝင်ကြောင်း ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ငါးပိလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ဦးရွှေမန်းက “လုပ်ငန်းရှင်တွေ အနေနဲ့ အမြဲတမ်း ဓာတ်ခွဲခန်းကိုသွားပြီး စမ်းသပ်နေဖို့ မဖြစ်နိုင်ပါဘူး၊ ငါးပိထွက်တဲ့အချိန်ကျရင် တစ်ရက်ကို ငါးပိကုန်သည် အယောက် ၆ဝကနေ ၈ဝ အထိ ဘုရင့်နောင် ပွဲရုံကို တင်ပို့နေတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တားမြစ်ဆိုးဆေး နဲ့ကင်ဆာ

စားသောက်ကုန်တွေ အရောင်အဆင်း လှ၊ အရသာ ကောင်း၊  တာရှည်ခံဖို့အတွက်ဓာတုဆေး သုံးစွဲတာပိုမို များပြားလာကြောင်း ဈေးကွက်ထဲ စုံစမ်းမှု အရ  သိရပါတယ်။ 

အစားအစာထဲ အများဆုံးတေ့ွရှိရတဲ့ ဓာတုဆိုးဆေးမှာအထည်ချုပ်လုပ်ငန်းသုံး Rhodamine B ဖြစ်ကြောင်း၊ အစာအိမ်အူလမ်းကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းတ့ို လတ်တလောဖြစ်ပေါ်စေကြောင်း သိရပါတယ်။ ရေရှည်မှာတော့ခန္ဓာကိုယ်ကြီးထွားမှုထိခိုက်စေခြင်း၊ အသည်း၊ ကျောက်ကပ်တို့ ပျက်စီးခြင်းနဲ့ကင်ဆာရောဂါတွေ ဖြစ်ပေါ်စေနိုင်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဒီဆိုးဆေးအပါအဝင်  Auramine O, Sudan Dyes, Orange II တို့ဟာ  မြန်မာပြည် အစားအသောက်လုပ်ငန်းအတွင်း အများဆုံး သုံးနေကြတဲ့   အန္တရာယ်ရှိ တားမြစ်ဆိုးဆေးများ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ခွဲခန်းမှူး တစ်ဦးကတော့ သူတို့ဆီမှာ RhodamineB မှတစ်ပါး တခြားတားမြစ်ဆိုးဆေးတွေကို   ရှာဖွေ စမ်းသပ်နိုင်တဲ့ နည်းပညာတွေ မရှိသေးဘူးလို့ ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ကင်ဆာရောဂါတွေရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အစားအသောက်က မြစ်ဖျားခံတယ်လို့ မီဒီယာတချို့မှာ ဖော်ပြနေကြတာ ကြာပါပြီ။

၂ဝဝ၈ ခုနှစ်ကကျန်းမာရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း မျှင်ငါးပိမှာ တားမြစ်ဆိုးဆေးပါရင် သိမ်းယူပြီး ဖျက်ဆီးခဲ့ပါတယ်။

အစားအသောက်မှာ တားမြစ်ဓာတုဆေးလုံးဝအ သုံးမပြုဖို့လုပ်ငန်းရှင်တွေကို သတိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသား အစားအသောက် ဥပဒေ အရ အရေးယူမယ်လို့လည်း သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်း ဒေသကြီးမှာ FDA ရုံးခွဲတစ်ခုကို တိုးချဲ့ခဲ့ပြီး ဈေးကွက်ထဲ စစ်ဆေးရာမှာ မျှင်ငါးပိ ၇ဝရာခိုင်နူန်းလောက်မှာ တားမြစ်ဆိုးဆေး ပါဝင်တာ တွေ့ရှိခဲ့ရတယ်လို့ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

ဧပြီကနေ စက်တင်ဘာအတွင်း ဧရာဝတီတိုင်း ဒေသကြီး ကျေးရွာမြို့နယ်တွေက ရရှိတဲ့ မျှင်ငါးပိ နမူနာတွေကို ဓာတ်ခွဲခန်းပို့ စစ်ဆေးထားတယ်၊ တားမြစ်ဆိုးဆေး တွေ့ရှိရင် မူလထုတ်လုပ်တဲ့ နေရာအထိ ရှာဖွေ အရေးယူသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

 “ငါးပိထုတ်လုပ်တဲ့ နေရာတွေမှာ ဆိုးဆေးအသုံးပြုထားတဲ့ လက်ရာတွေ ရှိနေတုန်းပါပဲ။ သူတို့ ပြောတာကအရင်တုန်းက လက်ကျန်တွေပါလို့တော့ပြောတယ်” လို့ ဒေါက်တာပြည့်ဖြိုးကဆိုပါတယ်။

ဇူလိုင်လကလည်း မန္တလေးတိုင်း ဒေသကြီးအတွင်းဈေး ၁၃ ခုက ရရှိတဲ့ ငါးပိ နမူနာတွေရဲ့ ၁၉ ရာခိုင်နှုန်းမှာတားမြစ်ဆိုးဆေး တေ့ွရှိရကြောင်းFDAကထုတ်ပြန်ခဲ့ပါသေးတယ်။

သဘာဝဆိုးဆေးတွေ ရှိပေမဲ့ ကုန်ကျစရိတ် ကြီးမားခြင်း၊ တာရှည်မခံခြင်း၊ ရောင်းပန်းမလှခြင်း၊ ဝယ်ယူရရှိဖို့ ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းရှင်တွေက အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။

ယင်မနားဆေးနဲ့ ပိုးသတ်ဆေး

ငါးပိ ရောင်းတဲ့ဈေးတွေမှာ ရောင်းချသူတွေဟာ မိရိုးဖလာနည်းတွေအရ ဆိုလ့ိုရှိရင် တစ်နေ့စာကိုပဲ ပုံပြီးရောင်းတာပါ။ လုပ်ငန်းရှင် ဦးရွှေမန်းက “ဆားကို အသုံးပြုပြီး ထိန်းရင်လည်းရပါတယ်။ နည်းပညာကိုတော့ လုပ်သက်ရင့်တဲ့ လူတွေဆီက သင်ယူရတာတွေလည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ငါးပိ ငါးခြောက်တွေမှာ ယင်မနားဆေး အသုံးပြုနေကြတာလည်း ကာလအတော်ကြာနေပြီ ဖြစ်ကြောင်း၊ လောလောဆယ်မှာ ထိန်းချုပ်လို့ရတဲ့ အနေအထားကိုတော့ ရောက်နေပြီ ဖြစ်ကြောင်း လက်တွေ့ကွင်းဆင်းပြီး တွေ့ရတဲ့ အခြေအနေကို ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

ယင်မနားဆေး ထည့်သွင်းထားခြင်း ရှိမရှိကို ငါးလုပ်ငန်းဦးစီးဌာနနဲ့စိုက်ပျိုးရေး ဦးစီးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာသာ စစ်ဆေးနိုင်တာပါ။

“ဓာတုဗေဒ ဆိုးဆေး၊ ယင်မနားဆေး၊ တာရှည်ခံဆေး မသုံးစွဲဖို့ကျွန်တော်တို့ အသင်းအဖွဲ့ကအသိပညာပေး ဆွေးနွေးပါတယ်၊ဒါပေမယ့် လိုက်နာမှု အားနည်းနေတာ တွေ့ရပါတယ်၊ ကျွန်တော်တို့ အဖွဲ့က အာဏာပိုင်အဖွဲ့အစည်းလည်း မဟုတ်တော့ တင်းကျပ်စွာလုပ်ဆောင်လို့ မရပါဘူး” လို့ ငါးပိ၊ငါးခြောက်၊ ငန်ပြာရည် ထုတ်လုပ် ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

ရန်ကုန်ဈေးကွက်အတွင်း လေ့လာတဲ့အခါ Tricholorofon (ထရိုင်ကလိုရိုဖောင်း)လို့ခေါ်တဲ့ ပိုးသတ်ဆေး တမျိုးကို ငါးပိ ထုတ်လုပ်သူတွေ ဝယ်ယူမှု ရှိနေတယ်လို့ သိရပါတယ်။

အဲဒီ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတု ဆေးဝါးကို အစားအစာတွေမှာ ထည့်သွင်း အသုံးပြုရင်  ငွေဒဏ်ကနေ ထောင် ၅ နှစ် အထိ ချမှတ်နိုင်တဲ့ ပိုးသတ်ဆေး ဥပဒေ ပုဒ်မ(၃၃)အရ အရေးယူခံရနိုင်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

 “ပိုးသတ်ဆေး ရောင်းမယ် ဆိုလို့ရှိရင် သုံးစွဲပုံသင်တန်း တက်ရပါတယ်။ သင်တန်း လက်မှတ်ရပြီးမှပဲ ပိုးသတ်ဆေးရောင်းချခွင့် လိုင်စင် လျှောက်ရတာပါ။ ဒါတွေမရှိဘဲ ရောင်းချရင် ပိုးသတ်ဆေး ဥပဒေနဲ့ အရေးယူပါမယ်” လို့ ဦးဝင်းစိုးက ရှင်းပြပါတယ်။

ထရိုင်ကလိုရိုဖောင်းက အမှုန့်၊ အရည်နဲ့ အခဲ ဆိုပြီး ပုံစံ ၃ မျိုးနဲ့ ဈေးကွက်ထဲမှာ ရှိတာပါ။ အဲဒီထဲမှာ တရုတ်နိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အစိမ်းရောင်ပုလင်းကို သုံးစွဲမှုများတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။

နယ်ဘက်က မှာယူတာတွေကိုလည်း ကားဂိတ်ကနေတဆင့် ပို့ပေးတယ်လို့ ရောင်းချသူတွေကပြောပါတယ်။ ရောင်းချသူတွေကလည်း ဓာတုဆေးဝါးတွေနဲ့ ဒီဓာတုဆေးဝါးတွေရဲ့ အန္တရာယ်ကို နားမလည်တာ တွေ့ရပါတယ်။ ဆေးအမည်ကိုတောင် မှန်ကန်အောင် မပြောနိုင်ဘဲ လောက်သေဆေး၊ ယင်မနားဆေး အစရှိတဲ့ အခေါ်အဝေါ်တွေနဲ့ ရောင်းချ နေကြတာပါ။

ပိုးသတ်ဆေး တာရှည် အသုံးပြုမိရင်  ဉာဏ်ရည်၊ မျိုးပွားစွမ်းအင်၊  ရောဂါဘယ ဒဏ်ခံနိုင်ရည်ရှိမှုတို့ ကျဆင်းလာခြင်း၊ ပုံမမှန်မွေးဖွားမှု၊ ကင်ဆာရောဂါတို့ ဖြစ်ပေါ်လာနိုင်စေတယ် လို့ ဒေါက်တာပြည့်ဖြိုးက ပြောပြပါတယ်။

“ဘယ်ပိုးသတ်ဆေးကိုမှ အစားအသောက်မှာ ပါဝင်ဖို့် FDAက ခွင့်ပြုထားတာ မရှိဘူး။ အခုမထည့်ဖို့ ညှိနှိုင်း ထားတယ်၊ နည်းပညာရှာနေတယ်။ ဒီကြားထဲကျုးလွန်ရင် အရေးယူမယ်” လို့ သူက ပြောပါတယ်။

ငါးပိထဲက ဓာတ်မြေသြဇာ

သဘာဝ အလျောက်ရှိတဲ့ ယူရီးယားဆိုတာက နိုက်ထရိုဂျင်ပါဝင်တဲ့ ဓာတုပေါင်းစပ်မှု ဖြစ်ပြီး နို့တိုက်သတ္တဝါ တွေက စွန့်လိုက်တဲ့ ဆီးမှာပါဝင်ပါတယ်။

အစားအသောက်ရေးရာ ပညာရှင် ဒေါက်တာစိုးခိုင်က အသားဓာတ်ကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ယူရစ်အက်ဆစ်ဟာ အဆစ် အမြစ် ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေတယ်လို့ ပြောပြပါတယ်။

 “အသည်းရောဂါနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ယူရီးယားဓာတ် ပါဝင်မှု မြင့်တဲ့ ကြက်သား၊ ငါး၊ ငါးပိ၊ ငါးပိရည် စတာတွေကို မစားသုံးသင့်ဘူး” လို့လည်း ဒေါက်တာစိုးခိုင်က ပြောပါတယ်။

ဒေါက်တာပြည့်ဖြိုးကလည်း ယူရီးယားနဲ့ ပတ်သက်ပြီးအလားတူ သုံးသပ်ပါတယ်။

“အပူပေး ချက်ပြုတ်လိုက်တဲ့ ယူရီးယားကအငွေ့ပျံသွားတဲ့အတွက် အန္တရာယ်တော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် စိတ်ချလက်ချစားသုံးဖို့ မပြောနိုင်သေးပါဘူး။ တိကျတဲ့ သုတေသနရလဒ်တွေလည်း မရှိသေးပါဘူး” လို့ ဒေါက်တာပြည့်ဖြိုးက ပြောပါတယ်။

အရည်ကျိုငါးပိမှာ ယူရီးယားဓာတ်မြေသြဇာကို ထည့်ခြင်းဖြင့် ထုတ်လုပ်မှုကြာချိန်ကိုလျှော့ချနိုင်တယ်၊ ယူရီးယားကိုမသုံးတဲ့ လုပ်ငန်းရှင်လည်းရှိတယ်လို့  သူက ဆက်ပြောပါတယ်။

ငါးပိလုပ်ငန်းကိုကာလကြာရှည် လုပ်ကိုင်ဖူးသူ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမျိုးသမီးတစ်ဦးက  “တစ်လအတွင်း ငါးပိဖြစ်စေဖို့အတွက်မြေဆီ(ဓာတ်မြေသြဇာ) အဖြူတစ်မျိုးကို ထည့်ပြီး သိပ်ပါတယ်။ အဲဒီမြေဆီအဖြူမှုန့်ကိုလည်း ဘုရင့်နောင်ပွဲရုံတန်းက စိုက်ပျိုးရေးဆိုင်တွေက ဝယ်ယူရပါတယ်” လို့ ပြောပြပါတယ်။

ဘုရင့်နောင်ပွဲရုံတန်း စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တွေကို ကွင်းဆင်းလေ့လာစုံစမ်းတဲ့အခါ ငါးပိကုန်သည်တွေက ယူရီးယားကို အရည်ကျိုငါးပိ ထုတ်လုပ်ဖို့ ဝယ်ယူတယ်လ့ိုပြောပေမယ့် အခုလို ပြဿနာတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ငါးကန်ထဲထည့်ဖို့သာ ပြောဆို ဝယ်ယူမှုတွေ ရှိနေတယ်လို့်သိရပါတယ်။

စိုက်ပျိုးရေးသမားက ယူရီးယား အရည်အသွေးကို သေချာစစ်ပြီးမှ ဝယ်ပေမယ့် ငါးကန်သမားတွေကတော့ ဈေးပေါတာကိုသာဝယ်ယူလေ့ ရှိတယ်လ့ို အရောင်းဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ငါးပိထုတ်လုပ်မှုတွေကို သုတေသန လုပ်နေသူ ဒေါက်တာပြည့်ဖြိုးကတော့ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ သန့်ရှင်းမှု အားနည်းတယ်လို့ ပြောပြပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ငါးပိစက်ရုံတွေမှာဆိုရင် ခေါင်းစွပ်၊ လက်အိတ်တွေနဲ့ အဝတ်အစား အကာ အကွယ် တွေကို သေချာသပ်ရပ်စွာ ဝတ်ဆင်ပြီးကျန်းမာရေးနဲ့ ညီညွတ်အောင် ထုပ်လုပ်မှု၊ သန့်ရှင်းမှုတို့ကြောင့် သူတို့ငါးပိကို နိုင်ငံတကာပို့တဲ့ အဆင့် ဖြစ်နေပါပြီ။

စားသုံးသူကာကွယ်ရေး

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်ချိုကမမှန်မကန် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို  စားသုံးသူကာကွယ်ရေး ဥပဒေအတိုင်း အရေးယူတယ်လို့ ပြောပါတယ်။

“ငါးပိဆိုတာက အမျိုးသားရေး စားကုန်။  ငါးပိငါးခြောက် ထုတ်လုပ်တဲ့ ပုံစံကကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ငါးပိဆိုတာ စထုတ်ကတည်းက ခြေထောက်နဲ့နင်းပြီး သိပ်တာ” လို့ ဦးမြင့်ချိုက ရှင်းပြပါတယ်။

ဒေါက်တာပြည့်ဖြိုးကတော့ ၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ စားသုံးသူကာကွယ်ရေး ဥပဒေမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ထောက်ပြပါတယ်။

 “အဟောင်းက လိုအပ်ချက်တွေ သိပ်များနေလို့စနစ်နဲ့ အံမဝင်တော့လို့ အသစ်ရေးဆွဲနေပါတယ်” လ့ို ဒေါက်တာပြည့်ဖြိုးက ဆိုပါတယ်။

စားသောက်ကုန်နဲ့ ပတ်သက်တဲ့ မသမာမှုတွေတွေ့ရင် တိတိကျကျ သတင်းပေးတိုင်ကြားပါက လာရောက်စစ်ဆေး အရေးယူပါမယ်လို့လည်းသူက ဆက်ပြောပါတယ်။

အခုချိန်ထိတော့ ကျန်းမာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူကာကွယ်ရေး အသင်းတွေကို တိုင်ကြားချက်တွေ ရောက်လာတာ နည်းပါးနေသေးတယ်လို့ သိရပါတယ်။

ဓာတုကင်းစင်တဲ့ ငါးပိ၊ငါးခြောက်နဲ့ ငန်ပြာရည်လုပ်ငန်းတွေကို ထောက်ခံစာထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဒု ဥက္ကဋ္ဌ ဦးနှင်းဦးကပြောပါတယ်။

ငါးပိ လုပ်ငန်းရှင် ဦးရွှေမန်းက နိုင်ငံတကာအဆင့်မီ သန့်သန့်ရှင်းရှင်း ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူဟာ နည်းပညာ၊ ငွေကြေး အကန့်အသတ်တို့နဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံအထိ နည်းပညာတွေကိုသွားရောက် လေ့လာခဲ့ပေမယ့် တစ်ချို့စက်ရုံတွေက ဝင်ရောက် လေ့လာခွင့်တောင် မပေးပါဘူး။ ထုတ်လုပ်မှု အဆင့်ဆင့်တွေကို လက်နဲ့ လုပ်တာထက် စက်နဲ့လုပ်တဲ့ စနစ်ကို ရောက်စေချင်နေပြီ။ နိုင်ငံတော် အဆင့်ကူညီပံ့ပိုးမှုတွေနဲ့ အဆင့်မီနည်းပညာတွေ ပံ့ပိုးပေးစေချင်ပါတယ်” လို့ ဦးရွှေမန်းကပြောပါတယ်။

ငါးပိ၊ ငန်ပြာရည်ကို နိုင်ငံတကာ လက်ခံဖို့အတွက်  ဆိုရင် နည်းပညာမှန်ကန်စွာ၊ သန့်ရှင်းစွာ ထုတ်လုပ်ရမှာပါ။ 

အကောင်းဆုံးကို ဘယ်လိုထုတ်လုပ်ကြမလဲဆိုတာ အားလုံး ပူးပေါင်းပါဝင်ပြီး အဖြေရှာကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုးမလုပ်နိုင်ရင်တော့ နိုင်ငံတကာကိုလည်း မထိုးဖောက်နိုင်တဲ့အပြင် ပြည်တွင်းမှာလည်း အများပြည်သူအတွက်ကျန်းမာရေး အန္တရာယ်ရှိပြီး ဆုံးရှုံးနစ်နာမှုတွေ ဆက်လက် ကြုံတွေ့နေကြရဦးမှာ ဖြစ်ပါတယ်။။

(အလွတ်တန်းသတင်းထောက် စိုးစံထိုက်က ငါးပိလုပ်ငန်းနှင့်ဈေးကွက်အတွင်း ကိုယ်တိုင်ကွင်းဆင်းပြီး စုံစမ်းဖော်ထုတ် ရေးသားထားခြင်း ဖြစ်ပါသည်။)

ရန်ကုန်မြို့ကမျှင်ငါးပိသိုလှောင်ထားတဲ့ ငါးပိထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက မျှင်ငါးပိမှာတားမြစ်ဆိုးဆေး အသုံးမပြုရေး ပညာပေးဆွေးနွေးနေတာ နှစ်နဲ့ချီရှိပါပြီ။ လုပ်ငန်းရှင်အများအပြားကတော့ ငါးပိရောင်းပန်းလှရေး လုပ်ဆောင်ရာမှာ ကုန်ကျစရိတ် သက်သာဖို့ ဈေးသက်သာတဲ့ တားမြစ်ဆိုးဆေးကိုသုံးနေကြပါတယ်။

ရန်ကုန်မြို့ ငါးပိအလုပ်ရုံတစ်ခုအတွင်းတွေ့ရတဲ့ အရည်ကျိုငါးပိသိုလှောင်ကန်တစ်ခု။ လုပ်ငန်းရှင်တချို့က ကာလတိုအတွင်း ကုန်ချောထုတ်လုပ်ပြီးစီးချင်တဲ့ အတွက် အရည်ကျိုငါးပိထဲ ယူရီးယားမြေသြဇာထည့်ကြတယ်လို့ အစားအစာသုတေသီဒေါက်တာ ပြည့်ဖြိုးကဆိုပါတယ်။

 အရည်ကျိုငါးပိကိုစဉ့်အိုးထဲသိုလှောင်ထားပုံ။ ငါးပိဈေးကွက်ထဲမှာအရည်ကျို ငါးပိကရောင်းအား အကောင်းဆုံးဖြစ်ပြီး၁ ပိဿာကိုလက်ကားဈေးကျပ် ၃၅ဝ  ဖြစ်ပါတယ်။

ငါးပိအလုပ်ရုံတစ်ခုအတွင်း စဉ့်အိုးထဲသိပ်ထားတဲ့ မျှင်ငါးပိကိုတွေ့ရပုံ။ ရောင်းပန်းလှ၊ တာရှည်အထားခံဖို့ ငါးပိကိုဆေးဆိုးကြတယ်၊ မျှင်ငါးပိမှာအများဆုံးတွေရတဲ့ တားမြစ်ဆိုးဆေးက Rhodamine B ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆိုးဆေးအမျိုးအစားကိုသိုးမွေး၊ ပိုးထည်၊ သားရေတို့ကို အရောင်ဆိုးရာမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတာဖြစ်ကြောင်း အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာထွန်းဇော်ကပြောပါတယ်။

အရည်ကျိုငါးပိအတွက် ကြိတ်ထားတဲ့ ငါးခေါင်း၊ ငါးရိုးတွေကိုရန်ကုန်မြို့ ငါးပိစက်ရုံတစ်ခုအတွင်း ကြမ်းပြင်ပေါ်မှာပုံပြီးသိုလှောင်ထားတာ ဖြစ်ပါတယ်။မြေသြဇာ၊ ဓာတုဆေးမသုံးဘဲ အရည်ကျိုငါးပိ ဖြစ်လာဖို့ဆိုရင် အနည်းဆုံး ၃ လကနေ ၆ လအထိကြာကြောင်းသိရပါတယ်။

ရန်ကုန်မြို့ပြင်ကငါးပိ၊ ငါးခြောက် စက်မူဇုန် မြင်ကွင်းတစ်ခု။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနညွန်ကြားရေးမှူး   ဒေါက်တာထွန်းဇော်က တားမြစ်ဆိုးဆေးသုံး အစားအစာတွေကို စားသုံးမိရင် ရေရှည်မှာ ကင်ဆာမျိုးစုံဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

 ဈေးကွက်အတွင်းတွေ့ရတဲ့ မျှင်ငါးပိ။ မြန်မာပြည်တလွှား ပုံစံမျိုးစုံ စီမံပြီးစားသုံးနေကြတဲ့ ငါးပိမှာကယ်လဆီယမ်၊ ပရိုတိန်း၊ ဖက်တီးအက်ဆစ်၊ ဇင့်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖေ့ာ(စ်)ဖရတ်၊ ဗီတာမင် အေ၊ ကလိုရင်း၊ ဗီတာမင်ဒီတွေ အပြင် တခြားအာဟာရဓာတ်တွေ ပါဝင်ကြောင်းသိရပါတယ်။ တချို့သော အလုပ်ရုံတွေကနေ ထွက်လာတဲ့ ငါးပိမှာတော့ ဓာတုဆေးအနည်းနဲ့ အများသုံးထားကြပါတယ်။

ရန်ကုန်မြို့က ယင်ကောင်၊ လောက်တွေ ကင်းစင်တဲ့ငါးပိမျိုးစုံ အရောင်းဆိုင်ကြီးတစ်ခု။ ဆိုင်ပိတ်တဲ့အခါ ရောင်းမကုန်တဲ့ ငါးပိတွေကို သတင်းစာစက္ကူနဲ့ ကပ်ပြီးထားခဲ့တယ်၊ အရင်တုန်းကတော့ အရည်ကျိုငါးပိကို သိမ်းဆည်းရာမှာ လောက်သေရွက် အသုံးပြုကြတယ်လို့ သိရပါတယ်။

ငါးပိလုပ်ငန်းရှင်တချို့ သုံးတတ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကိုတွေ့ရပုံ။ ပုလင်းတံဆိပ်မှာတော့ အဆိပ်ပါဝင်သည် လို့ တရုတ်စာနဲ့ ရေးသားထားပါတယ်။  ပိုးသတ်ဆေးပါဝင်တဲ့ အစားအစာစားမိရင်  မူးဝေ၊ ခေါင်းကိုက်၊ ခံတွင်းပျက်၊ ပျို့အန်၊ ဝမ်းပျက်တာတွေ ဖြစ်တတ်တယ်၊  ပိုးသတ်ဆေးအပြင်းအထန် အဆိပ်သင့်ရင်တော့ အသက်ရှူကျပ်၊ အသိဉာဏ် ချို့ယွင်း၊  အပြင်းအထန်ဗိုက်နာ၊   မေ့မျော၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်စေနိုင်တယ်လို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly