ဟီလာရီ အီးမေးလ်အရှုပ်တော်တွင် တစ်ခုခုတော့ တွေ့လိမ့်မည်ဟု ဒေါ်နယ်ထရန့် ပြော

ဟီလာရီ အီးမေးလ်အရှုပ်တော်တွင် တစ်ခုခုတော့ တွေ့လိမ့်မည်ဟု ဒေါ်နယ်ထရန့် ပြော

နယူးယောက်၊ နိုဝင်ဘာ ၁ ။                  ။ FBI စုံစမ်းစစ်ဆေးနေသည့် ဟီလာရီကလင်တန်၏ အီးမေးလ်မှ တစ်ခုခုတော့ တွေ့လာလိမ့်မည်ဟု ယုံထားကြောင်း ရီပတ်ဘရီကန်သမ္မတလောင်း   ဒေါ်နယ်ထရန့်က ပြောသည်။

ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်၏ ဖျက်ပစ်ထားသည့် အီးမေးလ်ပေါင်း ၃၃၀၀၀ ကို လက်ရှိတွင် ပြန်လည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မီချီဂန်ရှိ လူထုစုဝေးမှုတွင် ထရန့်က ပြောသည်။

ဟီလာရီ၏ ကိုယ်ပိုင်အီးမေးလ်ဆာဗာထဲသို့ ဝင်ဖွယ်ရှိသည့် အီးမေးလ်သစ်များကို FBI က စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။ ဟီလာရီကလင်တန်က သူ့အနေဖြင့် ဘာမှ ဖုံးကွယ်ထားခြင်း မရှိကြောင်း ပြောသည်။

၂၀၀၉ မှ ၂၀၁၃ အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ရစဉ်က ဟီလာရီကလင်တန်သည် အစိုးရအီးမေးလ်ဆာဗာကို အသုံးမပြုဘဲ ကိုယ်ပိုင်အီးမေးလ်အသုံးပြုကြောင်း ၂၀၁၅ မတ်လအတွင်းက ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဟီလာရီ၏ ရှေ့နေများက ထိုဆာဗာကို ပိုက်စိပ်တိုက် ရှင်းလင်းရှာဖွေပြီးပြီဖြစ်ကာ အလုပ်နှင့်သက်ဆိုင်ရာ အီးမေးလ် ၃၀၀၀၀ ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ပြောသည်။

သို့သော် ဟီလာရီ၏ မဲဆွယ်စည်းရုံးရေးအတိုင်ပင်ခံ အရာရှိများက ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် အခြားအီးမေးလ် ၃၃၀၀၀ ကို ဖျက်ပစ်လိုက်ပြီဖြစ်ကြောင်း ပြောသည်။

ထိုအီးမေးလ်အရှုပ်တော်ပုံကြောင့် ဟီလာရီအား FBI က စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ရှင်းလင်းကြောင်း ဆိုခဲ့ရာမှ လက်ရှိတွင် ထပ်မံစစ်ဆေးမှု ပြုလာခြင်းဖြစ်သည်။

ဟီလာရီကလင်တန်၏ လက်ထောက်ဖြစ်သူ အူမာအဘီဒင်း၏ ကွာရှင်းထားသော ခင်ပွန်းဖြစ်သူ ယခင်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် အန်သိုနီဝိုင်နာအား သီးခြားစစ်ဆေးရာမှ ပတ်သက်မှု ရှိနေနိုင်သည်ဆိုကာ ဟီလာရီ၏ အီးမေးလ်အား ထပ်မံစစ်ဆေးလာခြင်းဖြစ်သည်။

အန်သိုနီဝိုင်နာသည် အသက်မပြည့်သော မိန်းကလေးတစ်ဦးထံ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများ ပေးပို့ခြင်း ရှိမရှိ စစ်ဆေးရာတွင် အန်သိုနီနှင့် အူမာအဘီဒင်းတို့၏ ဖုန်း၊ ကွန်ပြူတာနှင့် အီးမေးလ်စသည်တို့ကို FBI က သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆေးမှုတွင် အူမာအဘီဒင်း၏ အီးမေးလ်များ၌ ဟီလာရီကလင်တန်၏ အီးမေးလ်ကိစ္စနှင့် ပတ်သက်မှုများ တွေ့ရှိ၍ FBI က ယခုကဲ့သို့ ထပ်မံစစ်ဆေးရန် လုပ်ဆောင်လာခြင်းဖြစ်သည်

အမေရိကန် FBI က ဟီလာရီကလင်တန်၏ အီးမေးလ်အား စစ်ဆေးမှု ထပ်မံပြုလုပ်လာရာ ဟီလာရီက ယခင်စစ်ဆေးမှုအတိုင်းသာ တွေ့ရှိရမည်ဖြစ်ပြီး သူ့အား အမှုလုပ်နိုင်မည်မဟုတ်ကြောင်း ယုံကြည်သည်ဟု ပြောသည်။

ရွေးကောက်ပွဲလည်း နီးကပ်လာနေသည့် ယခုအချိန်တွင် စစ်ဆေးမှုသစ်အား အမေရိကန်ပြည်သူများသို့ အလျင်အမြန် ရှင်းပြရန်လည်း ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီက FBI ညွန်ကြားရေးမှူးအား ဆော်သြလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly