နိုဝင်ဘာ ၁၊ အင်္ဂလန် ။ ။ အာဆင်နယ်အသင်းကို နည်းပြအာစင်ဝင်းဂါးကိုင်တွယ်ခဲ့သည့် နှစ် ၂၀ ကာလအတွင်း နိုဝင်ဘာလမှာ ရလဒ်အဆိုးဆုံးလအဖြစ် မှတ်တမ်းများက ဖော်ပြလျက်ရှိသည်။
လက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှာ ပရီးမီယားလိဂ်တွင် ရမှတ် ၂၃ မှတ်ရရှိထားပြီး မန်စီးတီး၊ လီဗာပူးလ်တို့နှင့်အတူ အမှတ်ပေးဇယားကိုဦးဆောင်လျက်ရှိသည်။ ထို့ကြောင့် ပရိသတ်များမှာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရရှိရန် မျှော်လင့်လျက်ရှိနေကြသည်။
အာစင်ဝင်းဂါးကလည်း နိုဝင်ဘာလပွဲစဉ်များသည် အာဆင်နယ်အသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိမရှိ စမ်းသပ်မည့် ကာလဟု ဝန်ခံပြောဆိုထားသည်။ အာဆင်နယ်အသင်းသည် နိုဝင်ဘာလတွင် စပါးနှင့်အိမ်ကွင်း၊ မန်ယူနှင့်အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်သလို ချန်ပီယံလိဂ်တွင်လည်း ပီအက်စ်ဂျီနှင့် အုပ်စုအဆုံးအဖြတ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အာဆင်နယ်အသင်းသည် နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်များတွင် ပျမ်းမျှရမှတ် ၁.၅၉ မှတ်သာ ရရှိပြီး လအလိုက်တွင် အနည်းဆုံးအမှတ်ရရှိမှုအဖြစ် မှတ်တမ်းများက ဖော်ပြနေသည်။ မတ်လအတွင်းကစားသည့်ပွဲစဉ်များတွင် ပျမ်းမျှ ရမှတ် ၂.၁၈ မှတ်ဖြင့် အမှတ်အများဆုံးရရှိခဲ့ပြီး စုစုပေါင်းပျမ်းမျှရမှတ်မှာ ၁.၉၈ မှတ် ဖြစ်သည်။
အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်နှစ်ကလည်း နိုဝင်ဘာလတွင် နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးရလဒ်ရရှိခဲ့ပြီး အခြေအနေဆိုးရွားခဲ့ရသည်။ အာစင်ဝင်းဂါးက ၎င်းတို့အသင်းမှာ ယမန်နှစ်ကထက်ပိုမိုကောင်းမွန်ပြီး လက်ရှိခြေစွမ်းကို ကာလရှည်ထိန်းသိမ်းနိုင်ကြောင်း ပြသရမည်ဟု ပြောဆိုခဲ့သည်။