ဆယ်စုနှစ် သုံးခုအတွင်း အားအပြင်းဆုံး ငလျင်ကြောင့် အီတလီပြည်သူ တစ်သောင်းခွဲကျော် အိုးအိမ်မဲ့

ဆယ်စုနှစ် သုံးခုအတွင်း အားအပြင်းဆုံး ငလျင်ကြောင့် အီတလီပြည်သူ တစ်သောင်းခွဲကျော် အိုးအိမ်မဲ့

ရောမ၊ နိုဝင်ဘာ ၁ ။                  ။ အီတလီနိုင်ငံတွင် ၁၉၈၀ ခုနှစ်နောက်ပိုင်း အားအပြင်းဆုံးငလျင် လှုပ်မှုကြောင့် ပြည်သူ တစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း နိုင်ငံ၏ အရပ်ဖက် ကာကွယ်ရေးအေဂျင်စီက ပြောသည်။

အောက်တိုဘာ ၃၀ ရက်က လှုပ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူမရှိသော်လည်း လူ ၂၀ ဒဏ်ရာရကာ နော်စီယာမြို့တွင်းမြို့ပြင်အနှံ့ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။

သြဂုတ်လအတွင်းက လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ရသည့် ငလျင်ကြီးလှုပ်ခဲ့သည့် နေရာ အလယ်ပိုင်းဒေသအတွင်းတွင် ရစ်ချ်တာစကေး ၆ ဒဿမ ၆ အဆင့်ရှိ ငလျင် လှုပ်ခဲ့ခြင်းလည်းဖြစ်သည်။

အရေးပေါ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆွေးနွေးရန်အတွက် ဝန်ကြီးချုပ် မတ်တီယိုရန်ဇီက ကက်ဘိနက်အစည်းအဝေး ခေါ်ယူခဲ့သည်။

အီတလီအနေဖြင့် စိတ်အေးလက်အေး မရှိနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို အများအပြားဆောင်ရွက်ခဲ့သော်လည်း သေဆုံးသူတစ်ဦးတစ်ယောက်မျှ လက်ရှိအချိန်အထိ မတွေ့ရှိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

အောက်တိုဘာ ၃၀ ရက်က လှုပ်ခဲ့သည့် အဆိုပါငလျင်တွင် အဆောက်အအုံ အများအပြား ပျက်စီးသကဲ့သို့ တောင်တန်းဒေသရှိ မြို့နှင့် ကျေးရွာများအတွက် လုံခြုံဘေးကင်းမှု အန္တရာယ် စိုးရိမ်ရ လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly