ရခိုင်နယ်စပ်တွင် အမျိုးသားကျောင်းဆရာများ အစားထိုးခန့်အပ်မည်

ရခိုင်နယ်စပ်တွင် အမျိုးသားကျောင်းဆရာများ အစားထိုးခန့်အပ်မည်

မောင်တော၊ အောက်တိုဘာ ၃၁ ရက် ။               ။ ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း ပညာရေးဝန်ထမ်း အမျိုးသမီများနေရာတွင် အမျိုးသားများဖြင့် အစားထိုး ခန့်အပ်ရန် ပြည်ထောင်စု ပညာရေးဝန်ကြီးထံ တင်ပြထားကြောင်း မောင်တောမြို့ ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

“၂၉ ရက်နေ့က ပြည်နယ်ပညာရေးမှူးက ဝန်ကြီးချုပ်ခရီးစဉ်မှာ တင်ပြခဲ့တာပါ။ လုံခြုံမှုမရှိတဲ့ ဒေသတွေမှာ အမျိုးသားကျောင်းဆရာတွေနဲ့ အစားထိုးဖို့။ ဒီကိစ္စကို ဝန်ကြီးချုပ်က တဆင့် ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားပါတယ်။”

အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲဌာနချူပ်နှင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် မောင်တောခရိုင်အတွင်း အခြေခံပညာကျောင်းများကို ယာယီပိတ်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ကျောင်းဖွင့်ထားပြီ ဖြစ်သော်လည်း အမျိုးသမီး ပညာရေးဝန်ထမ်းများမှာ တာဝန်ထမ်းဆောင်ရန် တချို့သာ ပြန်လည် ရောက်ရှိလာပြီး ကျောင်းသား၊ ကျောင်းသူများမှာလည်း ကျောင်းတက်ရောက်ခြင်း အနည်းငယ်သာ တွေ့ရှိရသည်။

“အမျိုးသမီး ပညာရေးဝန်ထမ်းတွေကို ဝေးလံဒေသတွေမှာ တာဝန်ထမ်းဆောင်ခြင်း မပြုဖို့နဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာပဲ ခန့်အပ်တာဝန်ပေးဖို့ စီစဉ်နေပါတယ်။” ဟု မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောသည်။

မောင်တောနယ်စပ်၏ လုံခြုံမှုမှာ စိုးရိမ်နေရဆဲ ဖြစ်သည့်အတွက် အစားထိုးခန့်အပ်မည့် အမျိုးသား ပညာရေးဝန်ထမ်းများကို အခြေခံပြည်သူ့စစ်ပညာ သင်ကြားနိုင်ရန် ပြည်ထောင်စု ဝန်ကြီးသို့ တင်ပြထားပြီး အတည်ပြုလက်ခံခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly