မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တန့်ရန် မြန်မာအစိမ်းရောင်ကွန်ယက်နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေး

မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တန့်ရန် မြန်မာအစိမ်းရောင်ကွန်ယက်နှင့် ဒေသခံများ တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ - ငြိမ်းဝေ

ချင်းမိုင်၊ အောက်တိုဘာ ၃၁ ။                   ။ ဧရာဝတီမြစ်ဆုံ စီမံကိန်း လုံးဝ ရပ်တန့်ရေး မြန်မာအစိမ်းရောင်ကွန်ယက်နှင့် မြစ်ဆုံဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် အောက်တိုဘာလ ၂၉ ရက်က မြစ်ဆုံကျေးရွာတွင် ပြုလုပ်၍ တောင်းဆိုခဲ့သည်။

ဒေသခံများနှင့်တွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာအစိမ်းရောင်ကွန်ယက်မှ ပညာရှင်များက စာတမ်းများ ဖတ်ကြားခြင်း၊ ဒေသခံများ၏ စီမံကိန်း ရပ်တန့်ရန်နှင့် ၎င်းတို့၏ အခက်အခဲ အတွေ့အကြုံများကို စီမံကိန်း ဒုက္ခသည်များအဖြစ် ရင်ဖွင့် ပြောဆိုခဲ့သည်ဟု ကချင်ပြည်နယ် ခရီးစဉ်တွင် လိုက်ပါနေသူ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“အခမ်းအနားမှာက ဒေသခံတွေက သူတို့အတွေ့အကြုံကို ရင်ဖွင့်ပြောဆိုတယ်။ သူတို့က လုံးဝ သဘောမတူပါဘူး။ ရွှေ့ပြောင်းတဲ့ ကျေးရွာတွေပေါ့။ သူတို့ပြောတဲ့ စကားကတော့ စံပြမဟုတ်တဲ့ စံပြရွာမှာ နေနေရတယ်တဲ့။ သူတို့ကို စီမံကိန်း ဒုက္ခသည်များတဲ့ ဒီနာမည်တွေ သုံးသွားပါတယ်။ အားလုံးကတော့ သူတို့ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာကို ဖွင့်ပြောတယ်။ သူတို့နေရာသူတို့ ပြန်ချင်တယ်လို့ ပြောကြပါတယ်”ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ကချင်ဒေသအထက်ပိုင်းသာမက ပြည်သူလူထု အားလုံး ကန့်ကွက်၍ မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် မြန်မာ အစိမ်းရောင် ကွန်ယက်၏ ၅ ကြိမ်မြောက်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်၍ မြစ်ဆုံ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ခရီးစဉ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ မြစ်ကြီးနားမြို့ ဒေသခံများ၊ မြစ်ဆုံဒေသခံများနှင့် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ အောက်တိုဘာလ ၃၀ ရက်တွင် ကြေငြာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။

မြစ်ဆုံဆွေးနွေးပွဲတွင် မြစ်ဆုံဒေသခံများက ဧရာဝတီကို ကာကွယ်ကြရန်အတွက် ကဗျာရွတ်ခြင်းများ၊ သီချင်းများဖြင့် ရင်ဖွင့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၈ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သံယံဇာတနှင့် သဘောဝပတ်ဝန်းကျင် ဝန်ကြီး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိမ်းရောင်ကွန်ယက်မှ အလုပ်အမှုဆောင် ဒေါ်ဒေဝီသန့်စင်နှင့် ဒေါက်တာ ဦးထွန်းလွင်တို့က ကချင်ဒေသ အထက်ပိုင်းသာမက ပြည်သူလူထုအားလုံး ကန့်ကွက်ရန်အတွက် ရေကာတာ ပြုလုပ်ရန် သင့်၊ မသင့်၊ သန့်စင်သော လျှပ်စစ်စွမမ်းအင်၊ မြန်မာနိုင်ငံ အနာဂတ်လျှပ်စစ်ကဏ္ဍ စသည့် ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးခဲ့သည်ဟု သိရသည်။

မြန်မာအစိမ်းရောင်ကွန်ယက်က ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းလေ့လာစစ်ရေးကော်မရှင်က သမ္မတထံ အစီရင်ခံစာ မတင်သွင်းမီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်ဒေသခံများ၏ သဘောထားကို သိရှိနိုင်ရန်အတွက် ကချင်ပြည်နယ်သို့ ၅ ကြိမ်မြောက် သွားရောက် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

ဧရာဝတီ မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်၊ သုံးသပ်ရေးကော်မရှင်ကလည်း ပြီးခဲ့သည့် စက်တင်ဘာလက သုံးရက်ကြာ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍   ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကော်မရှင်သည် လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံ အစီရင်ခံစာ တင်ပြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly