အီတလီတွင် အားပြင်းငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျပျက်စီး၊ သေဆုံးသူသတင်း မကြားသိရသေး

အီတလီတွင် အားပြင်းငလျင်ကြောင့် အဆောက်အအုံများစွာ ပြိုကျပျက်စီး၊ သေဆုံးသူသတင်း မကြားသိရသေး

ရောမ၊ အောက်တိုဘာ ၃၀ ။       ။ အီတလီနိုင်ငံ အလယ်ပိုင်း နော်စီယာမြို့အနီးတွင် အင်အားပြင်းငလျင်လှုပ်၍ အဆောက်အအုံပေါင်းများစွာ ပြိုကျပျက်စီးသည်။

လူပေါင်း ၃၀၀ နီးပါး သေဆုံးပြီး မြို့တစ်ချို့ ပျက်စီးမှုဖြစ်ခဲ့ရသည့် ငလျင်ကြီးလှုပ်ပြီးနောက် နှစ်လအကြာတွင် ယခုငလျင်ကြီးထပ်မံ လှုပ်ခြင်းဖြစ်သည်။

အောက်တိုဘာ ၃၀ ရက်တွင် လှုပ်သည့် ယခုငလျင်ကြီး၏ ပြင်းအားသည် ရစ်ချ်တာစကေး ၆ ဒဿမ ၆ အဆင့်ရှိသည်။ ကနဦးက ၇ ဒဿမ ၁ အဆင့်ရှိကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ပြောင်းလဲထုတ်ပြန်ခြင်းဖြစ်သည်။

ယခုလှုပ်သည့် ငလျင်သည် သြဂုတ်လက ငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များထက် ပြင်းအားပိုကာ ဆယ်စုနှစ်များစွာအတွင်း အားအပြင်းဆုံး ငလျင်ဖြစ်ဖွယ်ရှိသည်။

ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိနေသော်လည်း သေဆုံးမှုသတင်း မကြားသိရသေးပေ။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ငလျင်လှုပ်ထားသဖြင့် ဒေသခံအများစုက   ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်လျက်ရှိခြင်းလည်းဖြစ်သည်။

ယခုငလျင် လှုပ်မှုအား မြို့တော် ရောမမှပင် ခံစားသိရသကဲ့သို့ မြောက်ပိုင်း ဗင်းနစ်မြို့တွင်လည်း ငလျင်လှုပ်မှုကို ခံစားသိရသည်။ ငလျင်ဗဟိုမှာ မြေအောက် ၀ ဒဿမ ၉ မိုင်တွင် ဗဟိုပြုလှုပ်သွားခြင်းဖြစ်သည်။

ငလျင်ဗဟိုသည် နော်စီယာမြို့ငယ်အနီး ပါရူဂီယာမြို့ အရှေ့တောင်ဖက် ၆၈ ကီလိုမီတာတွင် ဗဟိုပြုကြောင်း အမေရိကန်ဘူမိတိုင်းတာရေးက ပြောသည်။

ငလျင်ကြောင့် ပျက်စီးပြိုကျသည့် စိန့်ဘန်နက်ဒစ် ဘုရားကျောင်း၏ ဓာတ်ပုံအား ဘုန်းတော်ကြီးများက တွစ်တာသို့ တင်ခဲ့သည်။

အနီးရှိ အဆောက်အအုံများ ပြိုကျခြင်းကြောင့် ဘုရားကျောင်းရင်ပြင်တွင် ပိတ်မိနေသူများ ရှိကြောင်း ၎င်းတို့က ဆိုသည်။

“ဘုန်းတော်ကြီးတွေ အားလုံး ဘေးကင်းပါတယ်။ ဒါပေမယ့် ပိတ်မိနေသူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ ဘုန်းတော်ကြီးတွေအနေနဲ့ ပိတ်မိနေသူတွေကို ရှာဖွေလျက်ရှိပါတယ်။”ဟု တွစ်တာတွင် ၎င်းတို့က ရေးသားဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly