တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး ထောင်ပေါင်းများစွာသော ပြည်သူများ တောင်းဆိုဆန္ဒပြ

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ရေး ထောင်ပေါင်းများစွာသော ပြည်သူများ တောင်းဆိုဆန္ဒပြ

ဆိုးလ်၊ အောက်တိုဘာ ၃၀ ။             ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ပြည်သူထောင်ပေါင်းများစွာက သမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြကြသည်။

ပတ်ဂွန်ဟေးက နိုင်ငံရေးမိန့်ခွန်းများအား သူငယ်ချင်းဟောင်းဖြစ်သူကို ရေးသားတည်းဖြတ်ခိုင်းခဲ့ကြောင်း ဝန်ခံလျက် သူ့၏ အကြီးတန်းအကြံပေးဆယ်ဦးကိုလည်း ရာထူးက နုတ်ထွက်ခိုင်းပြီးနောက်ပိုင်း ယခုဆန္ဒပြပွဲဖြစ်ပွားခြင်းဖြစ်သည်။

အစိုးရတာဝန်ရှိသူ မဟုတ်သော ပတ်ဂွန်ဟေး၏ သူငယ်ချင်းဟောင်းဖြစ်သူ Choi Soon-sil သည် နိုင်ငံရေးဆုံးဖြတ်ချက်များ၌ ပါဝင်စွက်ဖက်နေဖွယ်ရှိပြီး သမ္မတနှင့် အဆက်အသွယ်ရှိသည်ကို အခွင့်ကောင်းယူကာ စီးပွားရေးအမြတ်ထုတ်နေကြောင်း စွပ်စွဲခံထားရသူဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်က ဥပဒေရေးရာဝန်ထမ်းများက သမ္မတ၏ လက်ထောက်အချို့၏ နေအိမ်များသို့ စီးနင်းဝင်ရောက်ခဲ့သည်။

Choi Soon-sil နှင့် အပေါင်းအပါများဖြစ်သည်ဟု ယူဆရသော ယင်းတာဝန်ရှိသူများ ပိုင်ဆိုင်သော ကွန်ပြူတာများ၊ ဖိုင်မှတ်တမ်းများကို သိမ်းဆည်းခဲ့သည်။

အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ဖြစ်ပွားသည့် ဆန္ဒပြမှုတွင် လူပေါင်း ၈၀၀၀ နီးပါး ရှိကြောင်း ရဲကပြောသော်လည်း ပွဲစီစဉ်သူများကမူ လူအင်အား နှစ်သောင်းခန့်ရှိသည်ဟု ပြောသည်။

ဆန္ဒပြသူအများစုက “ပတ်ဂွန်ဟေး ဆင်းသွားပါ။”ဟူသော ပိုစတာများကို ကိုင်စွဲဆန္ဒပြကြသည်။

“ပတ်ဂွန်ဟေးအနေနဲ့က သမ္မတအဖြစ် လုပ်ပိုင်ခွင့်အာဏာ ဆုံးရှုံးရပြီ။ သူ့မှာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အခြေခံအရည်အသွေးတောင် မရှိတာကို ပြသနေတာပဲ။”ဟု အတိုက်အခံနိုင်ငံရေးသမား Jae-myung Lee က ပြောကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly