“ကျပ််ငွေတန်ဖိုး တည်ငြိမ်အောင် ထိန်းဖို့ ဗဟိုဘဏ် လက်လျှော့ လိုက်ပြီလား”

“ကျပ််ငွေတန်ဖိုး တည်ငြိမ်အောင် ထိန်းဖို့ ဗဟိုဘဏ် လက်လျှော့ လိုက်ပြီလား”

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပထမဦးဆုံး အကြိမ်အဖြစ် တစ်ဒေါ်လာကျပ် ၁,၂၀၀ တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။ ဒီ့မတိုင်ခင်တုန်းကတော့ တစ်ဒေါ်လာကျပ် ၁,၁၀၀ အထက်မှာ သတ်မှတ် ခဲ့ပေမယ့် တကယ် လက်တွေ့ အလုပ်မဖြစ်ပါဘူး။ ဗဟိုဘဏ် သတ်မှတ်နှုန်းဟာ ပြင်ပဈေးကွက်နှုန်းထားနဲ့ ကွာခြားမှု မြင့်မားလွန်း တာကြောင့် ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ အရောင်းအဝယ် မလုပ်ကြဘဲ ပြင်ပမှောင်ခိုဈေးကွက်မှာပဲ အရောင်း အဝယ် လုပ်နေ ကြလို့ ဖြစ်ပါတယ်။

ကြားထဲကအမြတ်ထွက်နေသူတွေကတော့ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ဒေါ်လာ ဝယ်ယူခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေ၊ငွေလဲကောင် တာတွေ၊ လောင်စာဆီ တင်သွင်းသူတွေနဲ့ သွင်းကုန်သမား တချို့ပဲ ဖြစ်ပါတယ်။ ပြောရရင် ကမောက်ကမ အခြေအနေပါ။ အခု ဗဟိုဘဏ်ဟာ ပြင်ပပေါက်ဈေးနဲ့ နီးစပ်အောင် သူ့ရဲ့ ငွေလဲလှယ်နှုန်းထားကို ပြင်ဆင်စ ပြုလာပါပြီ။

ဒါဘာရည်ရွယ်ချက် ရှိနိုင်ပါသလဲ။မြန်မာ့ကျပ်ငွေ ရှိသင့် ရှိထိုက်တဲ့တန်ဖိုးရှိလာနိုင် ပါ့မလား။ငွေကြေးတန်ဖိုး တည်ငြိမ်နိုင်ပါ့မလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြ သွားပါ့မယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကျပ်ငွေတန်ဖိုး သတ်မှတ်ပုံဟာ ဈေးကွက်ထဲမှာ အရှင်မျှောထားတဲ့ ပုံစံမျိုး မဟုတ်သလို၊ အရင်စစ်အစိုး ရခေတ်ကလို အသေ သတ်မှတ်ထားတဲ့ ပုံစံမျိုးလည်း မဟုတ်ပါ ဘူး။ ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှုနဲ့ အတိုင်းအတာ ပမာဏ တစ်ခုအကြားမှာ အရှင်မျှောထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဗဟိုဘဏ် ဟာ ငွေလဲလှယ်နှုန်းထားတစ်ခု သတ်မှတ်ပေးမယ်။

အဲဒီ နှုန်းထား ဘောင်အတွင်းမှာ ပုဂ္ဂလိကဘဏ်နဲ့ ငွေလဲ ကောင်တာတွေက တရားဝင် အရောင်းအဝယ် လုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အရင် စစ်အစိုးရခေတ်နဲ့ ကွာခြားပြီး ဒေါ်လာငွေကြေး အရောင်းအဝယ်ကို တရားဝင် ဥပဒေဘောင်ထဲကနေ လုပ်ကိုင်စေတာ ဖြစ်ပါ တယ်။

ဒီနေရာမှာ ဗဟိုဘဏ်က အဓိက ဆောင်ရွက်ရမယ့် တာဝန်နှစ်ခု ရှိပါတယ်။ တစ်ခုက ဒေါ်လာ အပါအဝင်နိုင်ငံခြားငွေကြေးတွေ ကိုပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲကောင်တာတွေမှာ တရားဝင် ရောင်းဝယ်လာ ကြအောင် စီစဉ်ပေးဖို့ ဖြစ်ပါတယ်။

နောက် တာဝန်တစ်ခုကတော့ မြန်မာကျပ်ငွေကို တန်ဖိုး တစ်ခုမှာ တည်ငြိမ် မှု ရှိစေရေး ဖြစ်ပါတယ်။ လက်ရှိ ဗဟိုဘဏ်ဟာ အဲဒီ တာဝန် နှစ်မျိုးစလုံး ကို ကျေပွန်အောင် ထမ်းဆောင်နိုင် တာ မတွေ့ရပါဘူး။

ပထမ ပြဿနာက မှောင်ခိုရောင်းဝယ်မှု လျော့နည်း ပပျောက်သွားအောင်၊ မှောင်ခို ဈေးကွက် မကြီး ထွားအောင် လုပ်ကိုင်ဖို့ပါ။ ဒါကို လုပ်ကိုင်ရ သိပ်မခက်ပါဘူး။ စည်းမျဉ်းစည်းကမ်းတွေအရ ဗဟိုဘဏ်ဟာ သဘာဝကျတဲ့ ငွေလဲနှုန်းထား တစ်ခုကို လွတ်လွတ် လပ်လပ် သတ်မှတ်နိုင်ပါတယ်။ တစ်ဒေါ်လာ ကျပ် ၁,၂၀၀ မက ကျပ် ၁,၃၀၀ လည်း သတ်မှတ်နိုင်ပါတယ်။

သတ်မှတ်ပြီးရင် လေလံ ဈေးကွက်ကနေတစ်ဆင့် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက လိုအပ်တဲ့ ဒေါ်လာငွေ ဖြစ်စေ၊ ကျပ်ငွေဖြစ်စေရောင်းချပေးနိုင်ရပါ လိမ့်မယ်။ အဲဒီလိုလိုသလောက်ရောင်းချပေးတဲ့ အခြေအနေအောက်မှာပုဂ္ဂလိက ဘဏ်တွေငွေ လဲကောင်တာတွေဟာ ဗဟိုဘဏ်က သတ်မှတ်တဲ့ နှုန်းထားအတိုင်း အရောင်းအဝယ် လုပ်မလုပ်၊ ကြီးကြပ်ရ ပါလိမ့်မယ်။

ဗဟိုဘဏ်ကနေ ပုဂ္ဂလိက ဘဏ်တွေ၊ ငွေလဲကောင်တာတွေလိုတဲ့ ငွေကြေး အမျိုးအစားကို လိုသလောက် ထုတ်ရောင်းပေးထား ပါလျက်နဲ့ အဲဒီ တရားဝင် ငွေလဲကောင်တာတွေက ပြည်သူတွေ၊ ကုန်သည်တွေဆီ ပြန်မရောင်းပေးဘူးဆိုရင် ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဖို့ပဲ ရှိပါတယ်။ (ခရိုနီတွေပိုင်တဲ့ ပုဂ္ဂလိကဘဏ်တွေကို အရေးယူလို့ ရနိုင်မလား ဆိုတာကလည်း စဉ်းစားစရာပါ။) နောက် အရေးကြီးတာက မှောင်ခိုဈေးကွက်မှာ ရောင်းဝယ်နေတာတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ပါပဲ။

ဒါဆိုရင် နိုင်ငံခြား ငွေလဲလှယ် ဈေးကွက်ဟာ တရားဝင် ဈေးကွက်ကြီး ဖြစ်လာပါလိမ့်မယ်။ ဒုတိယ တာဝန်ကတော့ ပထမ တာဝန်ထက် လုပ်ရတာ အများကြီး ခက်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်ရေးပါ။ မြန်မာကျပ်ငွေ တန်ဖိုးတည်ငြိမ်ရေး ကိုတော့ ဗဟိုဘဏ် တစ်ခုတည်းက လုပ်လို့ မရနိုင်ပါဘူး။ လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးကို အဓိက သတ်မှတ်နေတာဟာ အခွန်အကောက်က ရငွေပမာဏ၊ အစိုးရ ဘတ်ဂျက် အသုံးစရိတ် ပမာဏ၊ ကုန်သွယ်မှု ပိုငွေ၊ လိုငွေ၊ ရင်းနှီးမြှုပ်နှံမှု စီးဝင်လာမှု ပမာဏ စတာတွေပဲ ဖြစ်ပါတယ်။

အခွန်အကောက်က နည်း၊ အစိုးရ အသုံးစရိတ်က ကြီးရင် ဘတ်ဂျက်လိုငွေ ပြပြီး တိုင်းပြည်မှာ ငွေကြေး ပိုလိုအပ်ပါတယ်။ ဒီငွေကြေးကို ဘယ်က ဖြည့်တင်းမလဲဆိုတာက တကယ့်အဖြေပါ။ ငွေစက္ကူ ရိုက်ထုတ်ပြီး သုံးစွဲမယ်ဆိုရင်တော့ ငွေကြေးဖောင်း ပွမှုတွေ ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရန်ငွေကြေး ထဲက ထုတ်သုံးရင်တော့ ကျပ်ငွေတန်ဖိုး တည်ငြိမ်နိုင်ပေမယ့် ဘယ်လောက် အတိုင်းအတာ ပမာဏ အထိ သုံးခွင့်ရှိသလဲ ဆိုတဲ့အပေါ်လည်း မူတည်နေပြန်ပါတယ်။

ပြောရရင် တိုင်းပြည်တစ်ပြည်မှာ အစိုးရတစ်ရပ်ဟာ ငွေကြေးဘတ်ဂျက် သုံးစွဲဖို့ ဘယ်ကမှ အလကား မရပါဘူး။ ဘဏ္ဍာအခွန် ဝင်ငွေနဲ့ သုံးငွေ မျှတရင် အကောင်းဆုံးပါ။ လိုငွေပြနေရင်တော့ တိုင်းပြည်ဘဏ္ဍာ အရန်ငွေကြေးကပဲ ထုတ်ယူသုံးစွဲ မလား။ ပြည်သူလူထုဆီကပဲ သွယ်ဝိုက်ပြီး ကျခံ သုံးစွဲစေမလားဆိုတာ တွက်ချက်ရပါမယ်။ ပြည်သူလူထုဆီက သွယ်ဝိုက်ကျခံ သုံးစွဲစေတာဟာ ကျပ်ငွေစက္ကူ ရိုက်ထုတ် သုံးစွဲတဲ့ သဘောပဲဖြစ်ပြီး ပြည်သူကို အနိုင်ကျင့်၊ ပြည်သူ့အိပ်ထဲက ငွေတွေကို ခိုးယူတာနဲ့ အတူတူပါပဲ။

လက်ရှိ ဗဟိုဘဏ်က လုပ်ကိုင်နေပုံ ရလဒ်ဟာ ကျပ်ငွေတန်ဖိုး အလွန်အမင်း ကျဆင်းစေတဲ့ နည်းလမ်းဖြစ် တာကြောင့်ပြည် သူတွေ ပိုင်ဆိုင်တဲ့ ကျပ်ငွေကို ခိုးယူသုံးစွဲသလို ဖြစ်နေပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကိုချည်း အပြစ်တင်နေလို့တော့ မရပါဘူး။ ဘတ်ဂျက်ငွေကြေး လုံလုံ လောက်လောက် မရှိဘဲနဲ့ ဝန်ထမ်းတွေကို လစာတိုးပေးပြီး အမှတ်ရဖို့လောက်ပဲ မြင်တတ်တဲ့ လွှတ်တော်၊ အသုံးစရိတ် မချွေတာနိုင်တဲ့ အစိုးရအဖွဲ့၊ ဘတ်ဂျက် လိုအပ်ချက်ကို နိုင်ငံခြားအရန်ငွေ ထဲကနေ သုံးဖို့ခွင့် မပြုနိုင်တဲ့ အစိုးရအဖွဲ့ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာဟာ ပြည်သူတွေရဲ့ အိတ်ထဲကငွေတွေ အခိုးခံနေရရုံ မကပါဘူး၊ ကျပ်ငွေ အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုလည်း ကျဆင်းစေတာကြောင့် ဒီ ပြဿနာကြီးကို အမြန်ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိရင်ရှေ့ ဒီထက် ပိုဆိုးတဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှု ၊ ငွေကြေးဈေးကွက် မတည်ငြိမ်မှုတွေ ဆက်ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags