ဟီလာရီကလင်တန်၏ အီးမေးလ်အား FBI က ထပ်မံ စစ်ဆေးနေ

ဟီလာရီကလင်တန်၏ အီးမေးလ်အား FBI က ထပ်မံ စစ်ဆေးနေ

ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ။              ။ အမေရိကန် FBI က ဟီလာရီကလင်တန်၏ အီးမေးလ်အား စစ်ဆေးမှု ထပ်မံပြုလုပ်လာရာ ဟီလာရီက ယခင်စစ်ဆေးမှုအတိုင်းသာ တွေ့ရှိရမည်ဖြစ်ပြီး သူ့အား အမှုလုပ်နိုင်မည်မဟုတ်ကြောင်း ယုံကြည်သည်ဟု ပြောသည်။

စစ်ဆေးမှုသစ်အား အမေရိကန်ပြည်သူများသို့ ရှင်းပြရန်လည်း ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီက FBI ညွန်ကြားရေးမှူးအား ဆော်သြလိုက်သည်။

အသစ်တွေ့ရှိသည့် အီးမေးလ်မက်ဆေ့ချ်များကို FBI က စစ်ဆေးလျက်ရှိကြောင်း ညွန်ကြားရေးမှူး ဂျိမ်းကိုမေးက အစောပိုင်းက ပြောခဲ့ခြင်းဖြစ်သည်။

ဟီလာရီကလင်တန်၏ လက်ထောက်ဖြစ်သူ အူမာအဘီဒင်း၏ ကွာရှင်းထားသော ခင်ပွန်းဖြစ်သူ ယခင်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် အန်သိုနီဝိုင်နာအား သီးခြားစစ်ဆေးရာမှ ပတ်သက်မှု ရှိနေနိုင်သည်ဆိုကာ ဟီလာရီ၏ အီးမေးလ်အား ထပ်မံစစ်ဆေးလာခြင်းဖြစ်သည်။

အန်သိုနီဝိုင်နာသည် အသက်မပြည့်သော မိန်းကလေးတစ်ဦးထံ လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများ ပေးပို့ခြင်း ရှိမရှိ စစ်ဆေးရာတွင် အန်သိုနီနှင့် အူမာအဘီဒင်းတို့၏ ဖုန်း၊ ကွန်ပြူတာနှင့် အီးမေးလ်စသည်တို့ကို FBI က သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆေးမှုတွင် အူမာအဘီဒင်း၏ အီးမေးလ်များ၌ ဟီလာရီကလင်တန်၏ အီးမေးလ်ကိစ္စနှင့် ပတ်သက်မှုများ တွေ့ရှိ၍ FBI က ယခုကဲ့သို့ ထပ်မံစစ်ဆေးရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly