ဆန်းချက်ဇ်မှာ အထူးကစားသမားတစ်ဦး မဟုတ်ဟု အာစင်ဝင်းဂါးပြော

ဆန်းချက်ဇ်မှာ အထူးကစားသမားတစ်ဦး မဟုတ်ဟု အာစင်ဝင်းဂါးပြော

အောက်တိုဘာ ၂၉၊ လန်ဒန်။            ။ ဆန်းချက်ဇ်မှာ အထူးကစားသမားတစ်ဦးမဟုတ်ကြောင်း အာစင်ဝင်းဂါးကပြောဆိုခဲ့ပြီး အာဆင်နယ်နည်းပြအနေဖြင့် ယင်းကစားသမားကို လူစားလဲ သင့်ချိန်ကိုလည်း ဆုံးဖြတ်သွားမည်ဖြစ်သည်။ ချီလီကြယ်ပွင့်ကစားသမားသည် ဆွမ်ဆီး၊ လူဒိုဂိုရတ်စ်တို့ကိုအနိုင်ရသည့်ပွဲများတွင် လူစားလဲခံရခြင်းကို မနှစ်မြို့သည့် အမူအယာပြသခဲ့သည်။

ကစားသမားတိုင်း၏ မောပန်းမှုအခြေအနေကို အာဆင်နယ်ဆေးအဖွဲ့ကစစ်ဆေးပြီး မကြာသေးခင်က ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲကစားခဲ့ရသော ဆန်းချက်ဇ်ကို ဂရုစိုက်အသုံးပြုရန် မိမိက ဆုံးဖြတ်ခဲ့ခြင်းဟု အာစင်ဝင်းဂါးက ပြောသည်။

“ကျွန်တော့်အတွက်တော့ သူက အထူးကစားသမားတစ်ယောက်မဟုတ်ပါဘူး။ တခြားကစားသမားတွေနဲ့ အတူတူပါပဲ။ သူ့ကို ကျွန်တော်လူစားလဲဖို့ဆုံးဖြတ်ပြီးရင် လူစားလဲမှာပါ။

အဲဒါက မထူးဆန်းပါဘူး။ သူက သူ့ကိုယ်ပိုင်စရိုက်နဲ့သူရှိပေမယ့် တခြားကစားသမားတွေနဲ့ခွဲခြားပြီး ဆက်ဆံခံရမှာ မဟုတ်ပါဘူး။ ပွဲအပြီးမှာ အားလုံးစုစုစည်းစည်းရှိပေမယ့် ပွဲချိန်အတွင်းမှာတော့ ကွင်းထဲမှာပဲကစားချင်တတ်ကြပါတယ်။ပင်ပန်းနေချိန်မှာတောင် ကစားချင်ကြပါတယ်။

ဆန်းချက်ဇ်က တောင်အမေရိကမှာ ပွဲနှစ်ပွဲကစားခဲ့ရလို့ ကျွန်တော်သူ့ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်သူ့ကို နည်းနည်းအနားပေးထားတယ်။

တခြားရက်မှာကျတော့ သူ့ကိုဆွမ်ဆီးနဲ့ပွဲမှာထည့်ကစားခဲ့တယ်။ ဒါကြောင့်ဖြစ်နိုင်ရင် သူ့ကိုအနားပေးဖို့ ကျွန်တော်စဉ်းစားခဲ့တယ်။ ကျွန်တော်တို့ဟာ ကိစ္စတိုင်းကို အသေးစိတ်စဉ်းစားဆုံးဖြတ်ပါတယ်”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly