ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်းတွင် လျော်ကြေးမရခဲ့သည့် မြေကိစ္စများကို စစ်ဆေးနေ

ရွှေဂတ်စ်ပိုက်လိုင်းစီမံကိန်းတွင် လျော်ကြေးမရခဲ့သည့် မြေကိစ္စများကို စစ်ဆေးနေ

အမ်း၊ အောက်တိုဘာ ၂၈ ရက်။                             ။ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွင် ပျက်စီးဆုံးရှုံးခဲ့သော အမ်းမြို့နယ်မှ မြေယာများကို လျော်ကြေးငွေများ မရရှိခဲ့ကြကြောင်း အငြင်းပွားမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ပြုလုပ်လျက်ရှိရာ မကြာမီအချိန်အတွင်း အစိုးရအဖွဲ့သို့ တင်ပြနိုင်တော့မည် ဖြစ်ကြောင်း ပိုက်လိုင်းလှုပ်ရှားမှုအဖွဲ့မှ မြေယာစိစစ်ရေးကော်မတီဝင် ဦးမျိုးလွင်က ပြောသည်။

“ကျွန်တော်တို့ ကော်မတီကနေပြီးတော့ ကွင်းဆင်းစိစစ်တဲ့ လုပ်ငန်းက ပြီးစီးသွားပါပြီ။ ဒီစစ်ဆေး တိုင်းတာချက်တွေကို အစိုးရကို တင်ပြနိုင်ဖို့အတွက် တောင်သူတွေဘက်က သူတို့နစ်နာခဲ့ရတဲ့ မြေတွေ ဘယ်လောက်ရှိတယ်ဆိုတာကို အာမ ခံပေးဖို့အတွက် လက်မှတ်ရေးထိုးဖို့ပဲ ကျန်ပါတော့တယ်” ဟု ဦးမျိုးလွင်က ပြောသည်။

ပိုက်လိုင်းဖြတ်သန်းမှုတွင် ဆုံးရှုံးခဲ့သည့် မြေယာများအနက် အချို့သာ လျော်ကြေးရရှိခဲ့ပြီး အငြင်းပွားမှုများအပေါ် စီစစ် မှုများဆောင်ရွက်နိုင်ရန် မြေစာရင်းဌာန၊ မြို့နယ်ထွေအုပ်၊ တောင်သူ၊ ပိုက်လိုင်းလှုပ်ရှားမှုအဖွဲ့တို့ ပူးပေါင်းပြီး ကော်မတီ တစ်ရပ်ကို ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမ်းမြို့နယ်အတွင်းရှိ ပိုက်လိုင်းဖြတ်သန်းရာ ကျေးရွာအုပ်စု (၈) ခုကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး  နောက်ဆုံး တွေ့ရှိချက်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြသွားမည်   ဖြစ်ကြောင်း ကော်မတီမှ သိရသည်။

“ အစိုးရနဲ့ ကုမ္ပဏီ လျော်ကြေးပေးထားတာကိုတော့ တွေ့ရတယ်။ ဥပဒေနဲ့ အညီပေးတာလား။ တန်ရာတန်ကြေး ပေး တာလားဆိုတာကို တောင်သူတွေကိုယ်တိုင်က တိတိကျကျမပြောနိုင်ဘူး။ သီးနှံ လျော်ကြေးပေးတာလား၊ မြေအမျိုးအစားအလိုက် ပေးတာလားဆိုတာကို ပြည်သူတွေက ချပြထားတာ မရှိတဲ့အတွက် တန်ရာတန်ကြေး ရရဲ့လားဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင်ကလဲ မသိဘူး”  ဟု ၎င်းက ဆိုသည်။

လျော်ကြေးပေးအပ်သည့် စာချူပ်များတွင် CNPC, SEAP တို့၏ တံဆိပ်များမပါရှိသလို စွမ်းအင်ဝန်ကြီးဌာန အမှတ် တံ ဆိပ် MOGE လည်း မပါရှိကြောင်းနှင့် နိုင်ငံတော်အခွန်တံဆိပ်ခေါင်း တစ်ခုတည်းသာ ပါရှိကြောင်း မြေယာစီစစ်ရေး ကော်မတီ၏ တွေ့ရှိချက်များအရ သိရသည်။

မြေယာများကို လျော်ကြေးပေးအပ်ရာတွင် ဥယျဉ်မြေအမျိုးအစား တစ်ဧကလျှင် ကျပ်ငွေ ၃၆ သိန်းအထိ အများဆုံးပေး လျော်ရန် ကုမ္ပဏီများမှ သတ်မှတ်ထားသော်လည်း လျော်ကြေးငွေပေးအပ်သည့် စာချူပ်တွင် ပေးအပ်ငွေတန်ဖိုးနှင့် မြေ အမျိုးစားလိုက် ခွဲခြားဖော်ပြထားခြင်းမရှိကြောင်း မြေယာစီစစ်ရေးကော်မတီ၏ တွေ့ရှိချက်များကို ကိုးကား၍ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly