မန်ယူအသင်းခေါင်းဆောင် ရွန်နီ မည်သည့်အသင်းကိုမှ မပြောင်းဟု မော်ရင်ဟိုပြော

မန်ယူအသင်းခေါင်းဆောင် ရွန်နီ မည်သည့်အသင်းကိုမှ မပြောင်းဟု မော်ရင်ဟိုပြော

အောက်တိုဘာ ၂၉၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဝိန်းရွန်နီသည် မည်သည့်အသင်းထံသို့မှ ပြောင်းရွှေ့မည် မဟုတ်ဟု နည်းပြ ဟိုဆေးမော်ရင်ဟိုက   ပြောသည်။

အင်္ဂလန်တိုက်စစ်မှူးအနေဖြင့် ပုံမှန်ပွဲထွက်ကစားလိုပါက အသင်းပြောင်းရမည်ဟု အပြောခံထားရကြောင်း သတင်းများထွက်ပေါ် နေခြင်းကို မော်ရင်ဟိုက ငြင်းဆန်ပယ်ချခဲ့သည်။

အသက် ၃၁ အရွယ်ရှိ ရွန်နီသည် စက်တင်ဘာ ၁၈ တွင် ဝက်ဖို့ဒ်ကို ၃-၁ ဂိုးဖြင့်ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ်၌ ပွဲထွက်ခွင့် ပျောက်နေပြီး နောက်ဆုံးနှစ်ပွဲကို ဒဏ်ရာကြောင့်လွဲချော်ထားသည်။

“ဒါကလုံးဝပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ သတင်းစာရောင်းရဖို့ သတင်းလုပ်ဖို့လိုတာပေါ့။ ရွန်နီက ထိပ်တန်း ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားပါ။

သူဘယ်ကိုမှ မသွားဘူး။ ကျွန်တော်တို့သူ့ကိုသဘောကျပြီး သူကလည်း ကျွန်တော်တို့ကို သဘောကျတယ်။ အရန်ခုံရောက်နေ လို့တော့ သူမပျော်ဘူး။ ဒဏ်ရာရနေချိန်ဆိုရင် ပိုတောင် မပျော်နိုင်သေးတယ် ”ဟု ချယ်လ်ဆီးနှင့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်းက ပြောသည်။

ချယ်လ်ဆီးကို ၄-၀ ဖြင့်ရှုံးခဲ့သည့် ပရီးမီးယားလိဂ်ပွဲနှင့် မန်စီးတီးကို ၁-၀ ဖြင့်အနိုင်ရခဲ့သည့် EFL ဖလားပွဲကို ခြေသလုံးကြွက်သားဒဏ်ရာကြောင့်လွဲချော်ခဲ့ရသည့် ရွန်နီသည်   ပြန်လည်ကြံ့ခိုင်နေပြီ   ဖြစ်သည်။

ရွန်နီကို အသင်းဟောင်းအဲဗာတန်အသင်းအပြင် အီတလီစီးရီးအေကလပ် အင်တာမီလန်နှင့် အမေရိကန်မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီအသင်းတို့က စိတ်ဝင်စားနေကြသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly