RCSS နှင့် တပ်မတော်ကြား ဖြစ်ပွားခဲ့သော စစ်ရေး ပဋိပက္ခ အပေါ် စုံစမ်းဖော်ထုတ်မည်

RCSS နှင့် တပ်မတော်ကြား ဖြစ်ပွားခဲ့သော စစ်ရေး ပဋိပက္ခ အပေါ် စုံစမ်းဖော်ထုတ်မည်

ချင်းမိုင်၊ အောက်တိုဘာလ ၂၈ ။             ။ NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကေင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့်   မြန်မာ့တပ်မတော်တို့အကြား   ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခကို စုံစမ်းစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်ငင်းက ပြောသည်။

အဆိုပါ စိစစ် အတည်ပြုရေးအဖွဲ့သည် လာမည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်ထိ ပဋိပက္ခ ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွိုင်ကျေးရွာရှိ ဒေသခံများ၊ မျက်မြင်သက်သေများ၊ RCSS ဘက်မှ တပ်မှူးများကို သွားရောက် တွေ့ဆုံမေးမြန်းမည်ဖြစ်ကြောင်း ဒုဗိုလ်မှူး ကြီး စိုင်ငင်းက ပြောသည်။

“၂၆ ရက်၊ ၂၇ ရက်မှာ ရန်ကုန် NRPC မှာ သူတို့ တွေ့ဆုံဆွေးနွေးပြီးတော့ တုံလောအုပ်စု ပန်ပွိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ကွင်းဆင်းပြီးတော့ စုံစမ်းမေးမြန်းပြီးတော့ အတည်ပြုမှာ ဖြစ်ပါတယ်။ စုံစမ်းမေး မြန်း တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ တပ်မှူးတွေရော တွေ့ဆုံမေးမြန်းမယ်။ ရွာသားတွေရော၊ တခြားမျက် မြင်သက်သေတွေ အားလုံးကို တွေ့ဆုံ မေးမြန်းပြီးတော့ အစီရင်ခံစာ   ပြန်ရေးမယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၎င်းအဖွဲ့က ကွင်းဆင်းလေ့လာ၍ ရရှိလာသော အစီရင်ခံစာကို JMC-U ပြန်လည် တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အောက်တိုဘာလ ၁၇ ရက်က ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော် မတီ(JMC-U)မှ ယင်းကိစ္စအပေါ် စိစစ်ရန်အတွက် စိစစ်အတည်ပြုရေးအဖွဲ့တစ်ဖွဲ့ကို အရပ်သားကိုယ်စားလျှယ် ၂ ဦး၊ အစိုးရ ကိုယ်စားလှယ် (သို့မဟုတ်) တပ်မတော်ကိုယ်စားလှယ် ၂ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ၆ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင်အဖြစ် အရပ်သားကိုယ်စားလှယ် ဦးမောင်မောင်ငြိမ်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် အရပ်သား ကိုယ်စားလှယ် စိုင်းမျိုးသန့်၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်(EAO)မှ RCSS မှ ဗိုလ်မှူးစိုင်းဦး၊ ရဲ ဘော် ဆလိုင်းယောအောင်၊ အစိုးရ သို့မဟုတ် တပ်မတော် ကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ ဒုဗိုလ်မှူးကြီး လင်းထင်ကျော်တို့ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွိုင်းကျေးရွာရှိ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စခန်းသို့ မြန်မာ့တပ်မတော်ဘက်မှ ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် အောက်တို ဘာလ ၁ ရက်မှ ၃ ရက်ထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖြစ်ပွားမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA)ကို တပ်မတော်မှ ချိုးဖောက်ခြင်း ဖြစ်ပြီး အစိုးရဘက်မှ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)နှင့် တိုင်းနှင့် ပြည်နယ် အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) တို့နှင့် အမြန်ဆုံး ဖြေရှင်းရန် RCSS  ဘက်မှ   တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly