ပြင်ဦးလွင်ခရိုင် တရားသူကြီး နှင့် တရားရေးဝန်ထမ်းများ လဘ်စားဟု စွပ်စွဲကာ ဒေသခံများ ဆန္ဒပြ

ပြင်ဦးလွင်ခရိုင် တရားသူကြီး နှင့် တရားရေးဝန်ထမ်းများ လဘ်စားဟု စွပ်စွဲကာ ဒေသခံများ ဆန္ဒပြ

ပြင်ဦးလွင်၊ ဇူလိုင် ၁၆ ။     ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီးနှင့် တရားရေး ဝန်ထမ်းများ လဘ်စားပြီး ဘက်လိုက်တရားစီရင်နေသည်ဟု စွပ်စွဲကာ အရေးယူပေးရန်နှင့် ရာထူးမှဖယ်ရှားပေးရန်အတွက် မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂအဖွဲ့အပါအဝင် အဖွဲ့အစည်းများ နှင့် ဒေသခံများ ပူးပေါင်းကာ ဇူလိုင် ၁၆ရက် မွန်းလွဲ ၁နာရီတွင် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပွဲ၌ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့၊ အမျိုးသားကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့တို့က ဒေသခံတစ်ချို့နှင့် ပူးပေါင်းကာ ပြင်ဦးလွင်-လားရှိုးလမ်းမကြီးမှနေ၍ ပြည်ချစ်ဘုရားအနီး မီးပုံးပျံကွင်းအထိ အင်အား ၆၀ ကျော်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ယင်း ဆန္ဒပြခွင့်အတွက် ဇူလိုင် ၁၀ရက်က စာတင်ခဲ့ပြီး ဇူလိုင် ၁၆ရက်တွင် ခွင့်ပြုချက် ရရှိခဲ့သည်။ သို့သော် ခရိုင်တရားရုံးရှေ့ တွင် ဆန္ဒပြရန် စာတင်ခဲ့သော်လည်း မီးပုံးပျံကွင်းတွင်သာ ခွင့်ပြုခဲ့သည်။

ဦးဆောင်စာတင်ခဲ့သူ ပြင်ဦးလွင်ဒေသခံ ဦးကျော်ကျော်က “ကျွန်တော်တို့က ခရိုင်တရားရုံးရှေ့မှာ ပြခွင့်ရဖို့စာတင်တယ်။ ဒါပေမယ့် အဲဒီနေရာကိုမပေးဘဲ အခုပြနေတဲ့ ပြင်ဦးလွင်၊ လားရှိုးလမ်းကနေ မီးပုံးပျံကွင်းနေရာထိပေးတယ်။ ကျွန်တော်တို့က ခရိုင် တရားသူကြီးတွေကို သိစေချင်တယ်။ သူတို့ မတရားလုပ်နေတာတွေ ပြည်သူကသိတယ်ဆိုတာ ပြချင်တာပါ။ အခုကျတော့ လူမသိသူမသိနေရာမှာ ပြနေရတယ်။ ဒီနေရာကနေ တစ်နိုင်ငံလုံးသိအောင်အော်မယ်။" ဟု ပြောသည်။

ပြင်ဦးလွင်ခရိုင် တရားသူကြီးက လယ်ယာမြေကိစ္စများတွင် ခရိုနီ လုပ်ငန်းရှင်များဘက်က ဆုံးဖြတ်ပေးနေမှုများ ရှိသည်ဟု စွပ်စွဲထားပြီး အခြားအမှုမျးအတွက်လည်း ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု မချယ်ရီစိုးက ပြောသည်။
 
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကလည်း “အဲဒီလို မတရားလုပ်နေတဲ့ တရားသူကြီးကို အလိုမရှိဘူး။ သူကြောင့်ပြင်ဦးလွင်က တောင်သူအတော်များများ ဒုက္ခရောက်နေကြတယ်။ ဒုက္ခရောက်နေတာကို ဘယ်သူ့မှ မပြောရဲကြဘူး။ ဒါကြောင့် ဘုန်းကြီးတို့ ဝင်ပါတယ်။ ပြင်ဦးလွင်မှမဟုတ်ဘူး။ တနိုင်ငံလုံး တရားရေးကပျက်နေတယ်။ တရားရေးနဲ့ပတ်သက်ပြီး အခုလို ဆန္ဒပြမှုတွေ ဆက်လက်လုပ်သွားမယ်။" မိန့်ကြားသည်။

ဆန္ဒပြကြသူများသည် တရားဥပဒေစိုးမိုးရေး၊ တို့အရေး...၊ ခရိုင်တရားသူကြီး အလိုမရှိ။ ပြင်ဦးလွင်ခရိုင်တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ မတရားသူကြီးများအလိုမရှိ၊ တရားသူကြီးကိုယ်တိုင် ဖျက်စီးနေသော မတရားရုံး အလိုမရှိ၊ မြန်မာပြည်တရားရုံးများ တရားဥပဒေစိုးမိုးရေး ဒို့အရေး ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြမှုနှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် ပြန်ကြားရေးအရာရှိ မရှိသေး၍ တာဝန်ခံဖြေကြားမည့်သူ မရှိကြောင်း တရားရေးဝန်ထမ်းတစ်ဦးက ဇူလိုင် ၁၆ရက် ညနေ ၄နာရီခန့်က ပြောသည်။

ဆန္ဒပြခဲ့သည့် ပြင်ဦးလွင် ဒေသခံများက ခရိုင်တရားရုံးရှေ့တွင် ဆန္ဒပြခွင့်ရရန် ထပ်မံကြိုးစားသွားမည်ဖြစ်ပြီး မတရားစီရင် ဆုံးဖြတ်မှုများကို နိုင်ငံတော်အဆင့် ဝန်ကြီးဌာန အသီးသီး နှင့် လူ့အခွင့်အရေးကော်မရှင်ထံ အထောက်အထားဖြင့် တိုင်ကြား သွားမည်ဟု ဦးဆောင်သူများက ပြောကြသည်။

ပြင်ဦးလွင်ခရိုင်တရားရုံး တရားသူကြီးများ အကတိ လိုက်စားမှု နှင့် တရားစီရင်မှုအပေါ် မကျေနပ်ဟုဆိုကာ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းကလည်း ၂၀၁၄ခုနှစ်က နှစ်ကြိမ်တိုင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly