ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါ၀င်မှု အပိုင်း ၂

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါ၀င်မှု အပိုင်း ၂

ဟုတ်ကဲ့ ဆရာမ ဒေါ်နော်မေဦးကို ကျွန်တော်မေးပါရစေ

အဲဒီတော့ ၃၀ ရာခိုင်နှုန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆုံးဖြတ်ချက်ချနိုင်ချက်အရ ပါဝင်သင့်တယ်လို့ ဆွေးနွေးသွားတယ်။ အဲဒီတော့ ကျွန်တော်တို့က ၃၀ ရာခိုင်နှုန်းလို့ မူအားဖြင့် သဘောတူထားပေမယ့် ၁၃ ရာခိုင်နှုန်းပဲ တက်လာတယ် ဒါပေမယ့် ဒီ ၁၃ ရာခိုင်နှုန်းမှာ ပြောပိုင်ခွင့်မရှိဘူး ဒါမှမဟုတ် သူ့ရဲ့အသံ ထုတ်ဖေါ်ပိုင်ခွင့်မရှိဘူး ဆိုတော့ ကျွန်တော်တို့ ဘာတွေများ အခက်အခဲဖြစ်နေသလဲ၊ အဲဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ။

နော်မေဦး

အကြီးတန်းဆက်သွယ်ရေးညှိနှိုင်းရေး အရာရှိ( Joint Peace Fund )

ကျွန်မတို့ ဒီ ၃၀ ရာခိုင်နှုန်းဆိုတာက အမျိုးသမီးတွေက ညာဏ်ထုတ်ပြီးတော့ ဒီဂဏန်းကို ရွေးထားတာမဟုတ်ဘူး၊ နောက်ပြီးတော့ ၃၀ ရာခိုင်နှုန်းလည်းမဟုတ်ဘူး အတိအကျပြောရမယ်ဆိုရင် ၃၀ ရာခိုင်နှုန်း ဒါက နိုင်ငံတကာ သက်ဆိုင်ရာ ပညာရှင်အသီးသီးက အဖွဲ့အစည်းအသီးသီးကနေပြီးတော့ စံနစ်တကျ သုတေသနပြုပြီးတော့မှ အသိုင်းအဝိုင်းတစ်ခု အဖွဲ့အစည်းတစ်ခု အလုပ်တစ်ခုမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အမျိုးသမီးတွေကို နေရာပေးမှ ၃၀ ရာခိုင်နှုန်းပါမှ ဒီလို အလုပ်တစ်ခုလုံးရဲ့ အသွင်အပြင်ကိုပဲ ကြည့်ကြည့် ရလဒ်ကိုပဲကြည့်ကြည့် အမျိုးသမီးတွေရဲ့ အသံကိုပါ ထင်ဟပ်ပေါ်လွင်စေမယ့် ရောင်ပြန်ဟပ်စေမယ့် အဖြေမျိုးရမယ်ဆိုတာ ဒီလို သုတေသနပြုလုပ်ပြီးတော့ တွေ့ရှိချက်အပေါ်မှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းဆိုတာ ဖြစ်ပေါ်လာတာ၊ အခု မြန်မာပြည်မှာ ၃၀ ရာခိုင်နှုန်းဆိုပြီးတော့ အခု လူတိုင်းစပြောနေကြပြီ ဒါပေမယ့် ဆရာမ ပြောသလိုပဲ စဆွေးနွေးကတည်းကိုက သူတို့ခေါင်းထဲမှာ စိုးရိမ်ပူပန်မှုရှိတယ်၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်းဆိုတော့ ဒါ ဘယ်နားက သွားခေါ်လာရမလဲဆိုတဲ့တွေးနည်းလို အမှန်တကယ်အားဖြင့်ဆိုရင် ဒီစိုးရိမ်ပူပန်မှုက ကျွန်မတို့လူမှုအသိုင်းအဝိုင်းရဲ့ အဆင်သင့်မဖြစ်တဲ့ အနေအထား၊ ဒီလူမှုအသိုင်းအဝိုင်းမှာ ကြီးစိုးနေ ဦးဆောင်နေတဲ့လူတွေရဲ့ အဆင်သင့်မဖြစ်တဲ့အနေအထားကို ဖေါ်ပြတာပဲ။

ဒီ ကျွန်မတို့ အဖွဲ့အစည်းတစ်ခုစီမှာ အမျိုးသမီးတွေကို အသိအမှတ်ပြုပြီးတော့ နေရာမပေးထားရင် ဗြုန်းကနဲဆို အဲသလိုညီလာခံကြီးမှာ ခေါ်စရာလိုလာရင် ဒီလိုပဲ ဟိုဆွဲဒီဆွဲ ဆွဲမိမှာပဲ။ ဆွဲတဲ့အခါကြတော့ ကျွန်မတို့က အမျိုးသမီးတွေက မိအေးနှစ်ခါနာဖြစ်တယ်။ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရဖို့ကို မနည်းပြောယူရတဲ့အချိန်မှာ အဲလို ဟိုဆွဲဒီဆွဲ ဆွဲလာတော့ လိုလည်းလိုချင်သေးတယ် ခေါ်လာပြီးတော့လည်း ဘာမှလည်း မပြောတတ် မဆိုတတ်ဆိုပြီးတော့ ဒါမျိုးတွေဆိုပြီးတော့ ကျွန်မတို့ကို ထပ်ပြီးတော့ပြောစရာ ဖြစ်လာရတယ်။ ဆိုတော့ ကျွန်မတို့ အဲသလို ပဉ္စလက်ခတ်မျိုးကိုတော့ ကျွန်မတို့မလိုချင်ဘူး မလုပ်စေချင်ဘူး၊ ၃၀ ရာခိုင်နှုန်း အကောင်အထည်ဖေါ်ဖို့ဆိုတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ မရောက်ခင်ကတည်းက ပြောလာတာက အဲဒီ ဇန်နဝါရီကနေ သြဂုတ်လ ဒီကြားထဲမှာ ပြင်ဆင်မှုတွေ အဖွဲ့အစည်းတွေမှာ ၃၀ ရာခိုင်နှုန်းထည့်သွင်းနိုင်ဖို့အတွက် ဘာတွေများလုပ်သလဲလို့ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဆိုတော့ အဲသလို ဆန်းစစ်ပြီးတဲ့အခါမှာမှ ၁၃ ရာခိုင်နှုန်းပဲ ရှိသေးတယ်ဆိုရင် အခု ညီလာခံကို ဥပမာအနေနဲ့ တိုင်တည်ပြီးပြောနေတာ၊ ဒီညီလာခံပြီးရင် နောက်ထပ် ခြောက်လအကြာမှာ ငြိမ်းချမ်းရေးညီလာခံတစ်ခု လာမယ်၊ ဒီ ၁၃ ရာခိုင်နှုန်းပဲ ရှိသေးတယ်ဆိုရင် နောက်ခြောက်လမှာကျင်းပမယ့်ညီလာခံကြရင် တကယ် အနည်းဆုံး ၃၀ ရာခိုင်နှုန်း အကောင်အထည်ဖေါ်နိုင်အောင် အဖွဲ့အစည်းအသီးသီးက သက်ဆိုင်ရာ ဒီအုပ်စုတွေက ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့လိုတယ်၊ သူတို့ရဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံအရ အကယ်၍ အမျိုးသမီးတွေကို ပေးစရာမရှိဘူးဆိုရင် ကျွန်မထင်တယ် ဒီခြောက်လအတွင်းမှာ သူတို့ အသည်းအသန်ပြောင်းဖို့လိုလိမ့်မယ်၊ အဲဒါကိုပြောင်းမှလည်း အမျိုးသမီးတွေဟာ တကယ့် အနှစ်သာရရှိတဲ့ အခန်းကဏ္ဍကနေ သူတို့ပါဝင်နိုင်မှာ၊ အဖွဲ့တွေက အများကြီးရှိတယ် လူဦးရေရဲ့ ၅၁ ရာခိုင်နှုန်းရှိတယ် ခေါ်စရာ အများကြီးပဲရှိတယ်။ ဒါပေမယ့် အဖွဲ့အစည်းအသီးသီး ကဏ္ဍအသီးသီးမှာ အနှစ်သာရရှိရှိ ဆွေးနွေးနိုင်တဲ့အမျိုးသမီး လုပ်ဆောင်နေတဲ့အမျိုးသမီးတွေ အများကြီးရှိတယ်။ အဲဒီအမျိုးသမီးတွေ တကယ်စံနစ်တကျ ပါလာနိုင်ဖို့ရာ စံနစ်တကျ အရေးပေါ်ပြင်ဆင်မှုတွေလုပ်ဖို့လိုတယ်။

မဇ္ဈိမ

ကျေးဇူးတင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပြန်သွားပါရစေ။ ကျွန်တော်တို့ဒီ အမျိုးသမီးတွေက ၃၀ ရာခိုင်နှုန်းအထက် ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာပြီပေါ့နော်၊ အဲဒါဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လောက်အထိ ချောချောမွေ့မွေ့ဖြစ်သွားမလဲ။ ဒါမှမဟုတ်ရင် ရလဒ်ကရော ဘယ်လိုကောင်းကျိုးရလဒ်တွေ ဖြစ်လာနိုင်မလဲ။

ဒေါ်မေစံပယ်ဖြူ                                  

ဒါရိုက်တာ၊ ကျားမရေးရာတန်းတူညီမျှရေးကွန်ရက်

တကယ်ပဲ ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုလိုချင်တယ်၊ ပြီးတော့ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့နိုင်ငံအဖြစ် ဖွ့ံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ဒီနိုင်ငံမှာရှိနေတဲ့ အမျိုးသားတွေရော အမျိုးသမီးတွေရော လူငယ်တွေရော မသန်စွမ်းတွေရော လိင်စိတ်ခံယူမှု မခွဲခြားတဲ့သူတွေရော ကျွန်မတို့ဟာ လူတိုင်းလူတိုင်းရဲ့ တန်းတူညီမျှ ပါဝင်နိုင်မှုအခွင့်အရေးကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ ဒီကနေ့အထိ မငြိမ်းချမ်းသေးတဲ့ အဓိက အကြောင်းရင်းဟာ ဒီလို အသိအမှတ်အပြုမခံစားရတဲ့အတွက်ကြောင့်ပါပဲ။ ရရှိသင့် ရရှိထိုက်တဲ့အခွင့်အရေးတွေကို တန်းတူညီမျှ မရဘဲနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ငြင်းဆိုခံထားရလို့ဖြစ်ပါတယ်။ ရေရှည်တည်တန့်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် အမျိုးသမီးတွေကိုလည်းကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်ခွင့်ပေးရပါမယ်။ အဲသလိုပဲ ငြင်းပယ်ခြင်းခံထားရတဲ့ အခွင့်အရေးတွေကိုလည်း အသိအမှတ်ပြုလေးစားဖို့ လိုပါတယ်။ အမျိုးသမီးတွေကို ပါဝင်ခွင့်ပေးလိုက်ခြင်းဟာ တရားမျှတမှုရဲ့ ပြယုဒ်ဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသမီးတွေကို ဖယ်ကျဉ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ ဘယ်လိုမှ တရားမျှတတဲ့လုပ်ငန်းစဉ် ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် အခုနက မမေရီဦးပြောသလိုပဲ ဒီမိုကရေစီနည်းလမ်းကျပြီးတော့ တရားမျှတမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ဖို့ဆိုရင် ဒီနိုင်ငံထဲမှာရှိတဲ့ နိုင်ငံသာတွေဖြစ်တဲ့ အမျိုးသမီးတွေဟာ ပါဝင်ခွင့် ရှိကို ရှိသင့်တယ်၊ တခါတရံမှာ အမျိုးသမီးတွေပါခြင်းအားဖြင့် အမျိုးသမီးတွေက ဘာပိုပြီးတော့ ကောင်းမွန်အောင်လုပ်ပေးနိုင်မလဲ၊ အမျိုးသမီးတွေက အဲဒီလိုပါဝင်နိုင်လောက်တဲ့အရည်အချင်း ရှိလို့လားဆိုတဲ့ စိန်ခေါ်မှုတွေကိုလည်း ကျွန်မတို့ အမြဲတမ်းရင်ဆိုင်ရပါတယ်။ ဒါပေမယ့် ကျွန်မတို့ပြဿနာက ရိုးရိုးလေးပါ။ အဲဒီတော့ အခုလက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်ခွင့် ရနေကြတဲ့သူတွေကကော ဘာအရည်အချင်းနဲ့ပါဝင်နေကြတာလဲ။ သူတို့ကကော ဒီကနေ့အထိ နိုင်ငံရဲ့ကံကြမ္မာကို အမျိုးသမီးတွေ မပါဝင်ဘဲနဲ့ ဘယ်လောက်အထိ ကောင်းမွန်အောင် ဖန်တီးပေးထားပြီးပြီလဲ။ အဲဒီတော့ ဒီနိုင်ငံရဲ့ကံကြမ္မာကိုကောင်းမွန်အောင်ဖန်တီးဖို့ ကျွန်မတို့မှာလည်း အပြည့်အ၀ အခွင့်အရေးရှိတယ်လို့ ကျွန်မတို့မြင်တယ်၊ ဘာကြောင့် ကျွန်မတို့ရဲ့အရည်အချင်းတွေ ကျွန်မတို့က ဘာတွေယူလာပေးမှာလဲဆိုတဲ့မေးခွန်းတွေဟာ မေးစရာကို မလိုဘူးလို့ ကျွန်မက ရုးိရိုးလေးပဲ မြင်ပါတယ်။

အဲဒီတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်မတို့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့ပါဝင်မှပဲ ဒီလုပ်ငန်းစဉ်ဟာ ပြည့်စုံမှာလို့ ပြောချင်ပါတယ်။

မဇ္ဈိမ

အဲဒီတော့ဆရာမရေ ပြန်ကြည့်လို့ရှိရင် ကျွန်တော်တို့ကပြောနေတာပေါ့နော် ၃၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းထက် အထက် ပါဝင်ရမယ်ဆိုပြီး အမျိုးသမီးတွေရဲ့အသံကို အမြဲတန်းပြောနေတာပဲ။ ဒါပေမယ့် ဟိုဘက်မှာကြတော့ ဘာကြောင့် မပါနိုင်တာ ဘာဖြစ်လို့လဲ၊ ဘာအခက်အခဲရှိမလဲ၊ အဲဒီတော့ ဘာလုပ်သင့်သလဲ၊ ခြောက်လပြီးရင် ညီလာခံတစ်ခု ထပ်လုပ်ဦးမယ် အဲဒီတော့ အခုနက ဆရာမပြောသလိုပဲ ဆိုကြပါစို့ တွေ့ရာကြုံရာ ကောက်ထည့်လိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့၊ ဆိုတော့ ကျွန်တော်တို့ ဘာတွေများပြင်ဆင်ထားရမလဲ ဘာတွေများဆက်လုပ်ဖို့ လိုသေးသလဲ။

နော်မေဦး

အကြီးတန်းဆက်သွယ်ရေးညှိနှိုင်းရေး အရာရှိ( Joint Peace Fund )

 

ကျွန်မတို့ ရေရှည်နဲ့ ရေတိုပေါ့လေ။ လတ်တလော ကျွန်မတို့လုပ်ရမှာကတော့ အခုနက ကျွန်မပြောသလိုပဲ အဖွဲ့အစည်းအသီးသီးရဲ့ဖွဲ့စည်းပုံ ဒီဖွဲ့စည်းတည်ဆောက်ထားတဲ့ လူမှုအသိုင်းအဝိုင်းက ပုံစံတွေကို မပြောင်းလဲဘူးဆိုလို့ရှိရင် အမျိုးသမီးတွေအတွက်က အဟန့်အတား အကြီးကြီး ရှိနေတယ်၊ အဓိက အဟန့်အတားလိုပဲဖြစ်နေတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ဖွဲ့စည်းပုံ အဖွဲ့အစည်းအားလုံးရဲ့ ဖွဲ့စည်းပုံ အစိုးရဆိုလည်း အစိုးရဌာနတွေရဲ့ဖွဲ့စည်းပုံတွေထဲမှာလည်း ဒီကျားမရေးရာကို ထည့်ပြီးသေသေချာချာစဉ်းစားထားတာ မရှိဘူး၊ သေသေချာချာမပြောပါဘူး သာမာန်ကာ လျှံကာ ထည့်သွင်းစဉ်းစားထားတဲ့ပုံကမပေါ်ဘူး၊ ဆိုတော့ အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို ဖေါ်မယ်ဆိုရင်တော့ လတ်တလောမှာ အဲဒီဖွဲ့စည်းပုံတွေကို အရေးပေါ်အလုပ်တစ်ခုအနေနဲ့ လုပ်ရမယ်၊ ရေရှည်မှာကြတော့ ကျွန်မမြင်တာက မြန်မာ့လူမှုအသိုင်းအဝိုင်းမှာက အမျိုးသမီးကိစ္စ ကျားမကိစ္စနဲ့ပတ်သက်ပြီးတော့ အတွေးအခေါ်တွေ၊ ပညာပေါ့နော် အသိတွေ အများကြီးလိုတယ်လို့ ကျွန်မကတော့မြင်တယ်။ ရေရှည်ရေတို စီမံကိန်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးမှာ ရှိသင့်ရှိထိုက်တဲ့ အပြောင်းအလဲတွေကို ဌာနဆိုင်ရာ အဖွဲ့အစည်းနဲ့ လူမှုအဆောက်အအုံနဲ့ ပညာရေးအဆောက်အအုံတွေကို ကျွန်မတို့က မူဝါဒတွေနဲ့ သေသေချာချာ ဒါက ရေရှည်အတွက်ပြောင်းလဲနိုင်မှသာ ကျွန်မတို့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ကျားမတန်းတူရေး အမျိုးသမီးအမျိုးသား တန်းတူရေး ပြီးလို့ရှိရင် ကျွန်မတို့ရဲ့နောင်လာနောက်သား သားသမီးငယ်တွေအတွက် သူတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်တဲ့အခါမှာ အနိမ့်အမြင့် မမြင်တော့ဘဲနဲ့ တန်းတူ မြင်တတ်လာမယ် ဆက်ဆံတတ်လာမယ်၊ လောလောဆယ်မှာတော့ မမြင်ရသေးဘူးပေါ့လေ၊ လှမ်းမြင်နိုင်ဖို့ဆိုတာကလည်း အခုမှ အရေးပေါ်စီမံချက်နဲ့ စမလုပ်ဘူးဆိုလို့ရှိရင် အလားအလာ အင်မတန်နည်းပါးတယ်ပေါ့။

ပထမပိုင်းအား အောက်ပါလင့်တွင် ကြည့်နိုင်ပါသည်-http://www.mizzimaburmese.com/article/19551

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly