ငယ်မွေးခြံပေါက်ကစားသမား ပိုမိုမွေးထုတ်နိုင်ရန် ဘာစီလိုနာအသင်း ငွေပိုသုံးမည်

ငယ်မွေးခြံပေါက်ကစားသမား ပိုမိုမွေးထုတ်နိုင်ရန် ဘာစီလိုနာအသင်း ငွေပိုသုံးမည်

အောက်တိုဘာ ၂၇၊ စပိန် ။               ။ ကမ္ဘာ့ထိပ်သီးကလပ် ဘာစီလိုနာအသင်းသည် ငယ်မွေးခြံပေါက်ကစားသမားများ ပိုမိုမွေးထုတ်နိုင်ရန်အတွက် ငွေကြေးပိုမိုသုံးစွဲတော့မည် ဖြစ်သည်။

အသင်း၏သမိုင်းတွင် ငယ်မွေးခြံပေါက်ကစားသမားအများအပြားမွေးထုတ်နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် ပထမအသင်းကြီး၌ ငယ်မွေးခြံပေါက်ကစားသမားပါဝင်မှုကျဆင်းလာသည့်အတွက် ငွေပိုသုံးရန် စီစဉ်ခြင်းဖြစ်သည်။ ၂၀၀၉ နှင့် ၂၀၁၁ ခုနှစ်များက ချန်ပီယံလိဂ်ဖလားရရှိချိန်တွင် ပထမကစားသမား ၁၁ ဦး၌ ငယ်မွေးခြံပေါက်ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်က ၅ ဦးသာ ပါဝင်တော့သည်။

ဘာစီလိုနာအသင်း၏ လာမာစီယာအကယ်ဒမီမှာ နာမည်ကြီးအကယ်ဒမီဖြစ်ပြီး မက်ဆီ၊ အင်နီယေစတာ၊ ဘက်စ်ကွက်စ်နှင့် ဇာဗီတို့ကဲ့သို့ ကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့သလို နည်းပြဂွါဒီယိုလာမှာလည်း လာမာစီယာ အကယ်ဒမီထွက်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် လူငယ်စီမံကိန်းများအတွက် ယခင်က တစ်နှစ်လျှင် ပေါင် ၁.၁ သန်းသာ အသုံးပြုခဲ့သော်လည်း ယခုအချိန်တွင် ပေါင် ၂.၆ သန်းအထိ တိုးမြှင့်အသုံးပြုတော့မည် ဖြစ်သည်။

ယခုအစီအစဉ်ကို ‘မာစီယာ ၃၆၀’ ဟု အမည်ပေးထားပြီး ဘာစီလိုနာအသင်းရှိ အားကစားနည်းအမျိုးမျိုးမှ သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီး ကစားသမားပေါင်း ၆၀၇ ဦးအတွက် အသုံးပြုသွားမည် ဖြစ်သည်။ ဘာစီလိုနာအသင်းတွင် သက်တမ်းအလိုက် ဘောလုံးအသင်းများအပြင်၊ လက်ပစ်ဘော၊ ဟော်ကီ၊ ဘက်စကက်ဘောနှင့် ဖူဆယ် လူငယ်အသင်းများစွာရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags