လူသေကို နှစ်များစွာကြာတဲ့အထိ နေအိမ်မှာပဲ ထားရှိပြီးမှ မြုှပ်နှံလေ့ရှိတဲ့ အင်ဒိုနီးရှား လူနည်းစုတစ်စုရဲ့ ထူးခြားတဲ့ ထုံးတမ်းအစဉ်အလာ

လူသေကို နှစ်များစွာကြာတဲ့အထိ နေအိမ်မှာပဲ ထားရှိပြီးမှ မြုှပ်နှံလေ့ရှိတဲ့ အင်ဒိုနီးရှား လူနည်းစုတစ်စုရဲ့ ထူးခြားတဲ့ ထုံးတမ်းအစဉ်အလာ
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၅ ။                ။ အင်ဒိုနီးရှား၏ Sulawesi ကျွန်းတောင်ပိုင်း တောင်တန်းဒေသရှိ တိုင်းရင်းသားမျိုးနွယ်စုတစ်စု ဖြစ်သည့် Toraja တွင် ထူးခြားဆန်းပြားသည့် ထုံးတမ်းအစဉ်အလာများ ရှိနေကာ လူသေကို နေအိမ်တွင် နှစ်ကာလများစွာကြာ အတူထားရှိတတ်သည့် ဓလေ့တစ်ခုရှိနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အကယ်၍ မျိုးနွယ်ဝင်တစ်ဦး သေဆုံးခဲ့ပါကမူ မိသားစုဝင်များက ရိုးရာအစဉ်အလာအတိုင်း အသုဘအခမ်းအနားကို အချိန်ယူကာ ကြီးကြီးကျယ်ကျယ် ကျင်းပပေးရမည်ဖြစ်ပြီး ယင်းသို့ မကျင်းပပေးနိုင်ခင်အထိ လူသေမှာ နေအိမ်တွင်ပင် ဆက်ရှိနေရမည်ဖြစ်သည်။

Toraja မျိုးနွယ်ဝင်တစ်ဦး သေဆုံးသွားပါက ၎င်း၏ ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် ထုံးတမ်းအစဉ်အလာများနှင့်အညီ အသုဘအခမ်းအနားများကို ရက်ပေါင်းများစွာကြာ ကျင်းပပေးရမည်ဖြစ်သည်။   ငွေကြေးအမြောက်အမြားကုန်ကျသည့် ယင်းအသုဘအခမ်းအနားများ ကျင်းပရန် ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် ပိုက်ဆံကို အချိန်ယူကာ ရှာဖွေစုဆောင်းခွင့်ရှိမည်ဖြစ်သည်။

ယင်းကာလအတောအတွင်း လူသေကို မြုှပ်နှံခြင်းမပြုသေးဘဲ မပုပ်မသိုးအောင် ဆေးစိမ်ကာ ကျန်ရစ်သူမိသားစုဝင်များနှင့် နေအိမ်တစ်မိုးအောက်ထဲတွင်ပင် အတူဆက်လက်ထားရှိလေ့ရှိသည်။ အသုဘအခမ်းအနားများ မကျင်းပပေးနိုင်ခင်အထိ လူသေကို မိသားစုဝင်များက သေဆုံးသွားသူဟု မသတ်မှတ်သေးဘဲ အသက်ရှိနေသူတစ်ဦး သို့မဟုတ် ဖျားနာနေသူတစ်ဦးအဖြစ် သတ်မှတ်ကာ ပုံမှန်မိသားစုဝင်တစ်ဦးအတိုင်း ဆက်ဆံနေတတ်သည်ဟု သိရသည်။

အခမ်းအနားများကျင်းပရန် ကျန်ရစ်သူမိသားစု၏ ငွေကြေးစုဆောင်းရရှိမည့်အချိန်ကာလအပေါ် မူတည်မည်ဖြစ်ရာ တစ်ခါတစ်ရံတွင်လည်း မျိုးနွယ်ဝင်တစ်ဦး သေဆုံးပြီးနောက်ပိုင်း သီတင်းပတ်၊ လကြာပြီးမှ ကျင်းပနိုင်ကာ တစ်ခါတစ်ရံတွင်မူ နှစ်ပေါင်းများစွာကြာပြီးချိန်မှာ ၎င်းအတွက် အသုဘအခမ်းအနားများကိုကျင်းပနိုင်သည့် ဖြစ်စဉ်များ ရှိနေသည်။  လူသေအလောင်းမှာ မိသားစုဝင်များအသုဘအခမ်းအနားမကျင်းပပေးနိုင်ခင်အထိ နေအိမ်မှာပင် ဆက်ရှိနေမည်ဖြစ်သည့်အတွက်ကြောင့် တစ်ခါတစ်ရံတွင် ယင်းမျိုးနွယ်စုအတွင်း သေဆုံးသွားသည့် လူသေအလောင်းမှာ နှစ်ပေါင်းများစွာကြာသည်အထိ နေအိမ်မှာပင် ရှိနေရသည့်အဖြစ်မျိုး ရှိခဲ့ကြောင်းလည်း သိရသည်။

အသုဘအခမ်းအနားများ ကျင်းပချိန်တွင်လည်း ငွေကြေးတတ်နိုင်သူ သို့မဟုတ် သြဇာဂုဏ်တိက္ကမ ကြီးသူ ဖြစ်ပါက အခမ်းအနားများသည် ပိုမိုငွေကုန်ကြေးကျများမည်ဖြစ်သည်။ အခမ်းအနားများ ကျင်းပရန် ကျယ်ဝန်းသည့် မြက်ခင်းပြင်နေရာတစ်ခုတွင် ပြင်ဆင်ထားပြီး ယင်းတွင် တက်ရောက်လာသူ ပရိသတ်များအတွက် အမိုးအာများကို ကျန်ရစ်သူမိသားစုက ပြင်ဆင်ပေးရသည်။

အခမ်းအနားစတင်ချိန်တွင် တက်ရောက်လာသူများက ကျွဲများကို သတ်ဖြတ်မည့် မြေကွက်လပ်တွင် စုဝေးတက်ရောက်လာကြသည်။ ယင်းအချိန်တွင် ကျန်ရစ်သူမိသားစုဝင်များက ကျွဲနှင့် ဝက်များကို ကိုယ်တိုင်သတ်ဖြတ်ပေးရန်လိုအပ်မည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှသာ သေဆုံးသူ၏ ဝိညာဉ်မှာ ငြိမ်းချမ်းစွာ သွားလာနိုင်မည်ဟု ယုံကြည်ကြသည်။

ယင်းအချိန်တွင်မူ သေဆုံးသူ ရုပ်အလောင်းကို အသုဘအခမ်းအနားများ၏ ၁၁ ရက်မြောက်သည်အထိ မြုှပ်နှံခြင်းပြုဦးမှာမဟုတ်ပေ။ ယင်းနောက်ပိုင်း နောက်ဆုံးလူသေအလောင်းကို   ကျောက်တောင်နံရံပေါ်ရှိ တွင်းတစ်ခုထဲတွင် ထားရှိလိုက်မည် ဖြစ်ပြီး ယင်းနောက်ပိုင်းမှသာ အခမ်းအနားများ ပြီးဆုံးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly