အောက်တိုဘာ ၂၄၊ အင်္ဂလန် ။ ။ မန်ယူနည်းပြအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းသို့ ပထမဆုံးလာရောက်ယှဉ်ပြိုင်ရသည့်ပွဲတွင် နည်းပြမော်ရင်ဟိုမှာ ချယ်လ်ဆီးအသင်းကို ၄-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။
ထိုပွဲတွင် ချယ်လ်ဆီးနည်းပြကွန်တီမှာ အလွန်အကျွံအောင်ပွဲခံမှု ပြုလုပ်ခဲ့သောကြောင့် မော်ရင်ဟိုမှာ စိတ်ဆိုးဒေါသထွက်လျက်ရှိနေကြောင်း အင်္ဂလန်မီဒီယာများနှင့် အီတလီမီဒီယာများက ပြောဆိုရေးသားခဲ့ကြသည်။
ထိုပွဲအပြီးတွင် မန်ယူနည်းပြမော်ရင်ဟိုက ချယ်လ်ဆီးနည်းပြကွန်တီ၏ အနားသို့ကပ်၍ စကားအချို့ပြောဆိုခဲ့သည်ကို မြင်တွေ့ခဲ့ကြရပြီး ပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက ဘာပြောခဲ့ကြသည်ကို မေးမြန်းခဲ့ရာ နည်းပြနှစ်ဦးစလုံးက ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့ကြသည်။
အီတလီမီဒီယာများကမူ မော်ရင်ဟိုက ‘၄-၀ ဖြစ်နေတဲ့အချိန်မှာ မင်းဒီလိုအောင်ပွဲမခံသင့်ပါဘူး။ ဒီလိုအောင်ပွဲခံပုံက ၁-၀ လိုအချိန်မျိုးမှာ အောင်ပွဲခံရမှာပါ။ ဒါကငါတို့ကို အရှက်ရစေတယ်’ ဟု ပြောဆိုခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။
ချယ်လ်ဆီးနည်းပြ ကွန်တီက ပုဂ္ဂိုလ်ရေးအရပြောဆိုခဲ့သည့်စကားများကို သက်ဆိုင်သူများသာ သိသင့်ပြီး ထုတ်ဖော်ပြောဆိုခြင်း မပြုသင့်ကြောင်းနှင့် အောင်ပွဲခံခဲ့သည့်အတွက် နောင်တမရကြောင်း ဆိုခဲ့သည်။ ‘ကစားသမားဖြစ်ခဲ့ဖူးတော့ ဂိုးသွင်းပြီးတဲ့အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ပရိသတ်တွေကို လက်ခုပ်တီးပြီးအားပေးဖို့ပဲ တောင်းဆိုခဲ့တာပါ။ အသင်းသားတွေက အဲ့ဒီလိုအားပေးရအောင် ထိုက်တန်တဲ့ခြေစွမ်းပြသခဲ့လို့ပါ’ ဟု ကွန်တီက ပြောခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်