အောက်တိုဘာ ၂၁ ။ ။ အိန္ဒိယနိုင်ငံတွင် အသုံးပြုနေကြသော debit card ၃ ဒသမ ၂ သန်းကျော်၏ ဒေတာအချက်အလက်များ ခိုးယူခံရသည်ဟု အထောက်အထားများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံရှိ အဓိက ဘဏ်ကြီးများမှာ သင့်တော်သည့် လုံခြုံရေး အစီအမံများ လုပ်ဆောင်နေရလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုအခါ ဖောက်သည်များကိုလည်း ၎င်းတို့၏ လုံခြုံရေး ကုဒ်နံပါတ်များကို ပြောင်းလဲထားကြရန် ဘဏ်တစ်ချို့က တိုက်တွန်းထားပြီး ဘဏ်တစ်ချို့ကလည်း ယင်းတို့၏ debit card များကို ပိတ်သိမ်းခြင်း သို့မဟုတ် အစားလဲလှယ်ပေးခြင်းများကို လုပ်ဆောင်နေရလျက်ရှိသည်။
ငွေပေးချေမှုများ ပြုလုပ်ချိန်တွင် ငွေသားအစား အသုံးပြုနိုင်သည့် ယင်း debit ကဒ်များ ယခုကဲ့သို့ လုံခြုံရေးကျိုးပေါက်မှုမှာ ATM ကွန်ရက်ရှိ malware တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ယုံကြည်နေကြသည်။
အလားတူ မိမိတို့ ဘဏ်အကောင့်ထဲမှာ ငွေပမာဏများစွာ ထုတ်ယူခံထားရသည်ဟုလည်း ဖောက်သည်အချို့က စောဒကတက်မှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယဘဏ်များထုတ်ပေးထားသော debit card အရေအတွက်မှာ သန်း ၇၀၀ နီးပါးအထိ ရှိသည်ဟု သိရသည်။
နိုင်ငံရှိ လက်လီငွေပေးချေမှုစနစ်အားလုံးကို ထိန်းချုပ်ထားသော အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်း NPCI ကလည်း ယခုကိစ္စကို အတည်ပြုပြောကြားသွားသည်။
ယခုကဲ့သို့ ကဒ်အတော်များများတွင် လုံခြုံရေးကျိုးပေါက်ခံထားရသည်ဆိုသည့် စိုးရိမ်ပူပန်မှုများကြောင့် ဘဏ်လုပ်ငန်းဖောက်သည်များ၏ လုပ်ငန်းအပေါ် ယုံကြည်မှုကို ထိခိုက်လျော့ပါးသွားစေနိုင်သည်ဟု ယူဆရသည်။