အားကောင်းလာနိုင်သည့် မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေ၊ လိမ္မော်ရောင်အဆင့် သတ်မှတ်ထား

အားကောင်းလာနိုင်သည့် မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေ၊ လိမ္မော်ရောင်အဆင့် သတ်မှတ်ထား
(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

နေပြည်တော်(အောက်တိုဘာ ၂၁၊ ၂၀၁၆ခုနှစ်)။ ။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာပြီး မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေသဖြင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းတွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

မုန်တိုင်းငယ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၂၉၀)ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင်(၄၁၀)ခန့်၊ ရန်ကုန်မြို့၏ အနောက်တောင်ဘက် မိုင်(၄၉၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု နံနက် ၁၀နာရီခွဲအချိန်တိုင်းထွာချက်အရ မိုး/ဇလက ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အရှေ့-အရှေ့မြောက် ဘက်သို့ ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟုလည်း မိုး/ဇလက ခန့်မှန်းထားသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မုန်တိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဟု အသိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် ယခုလကုန်ထိ နေ့စဉ် မိုးထစ်ချုန်းရွာနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် အောက်တိုဘာ ၂၁ရက်၊ နေ့လည်က အသိပေးဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုး/ဇလက သတိပေးထားသလို မစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုကြရန်လည်း အကြံပြုထားသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly