အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့သော ဘရာဇီး သံသတ္ထုရိုင်းဆည် ကျိုးပေါက်မှု ဖြစ်ရပ်ဆိုးတွင် တာဝန်ရှိသူ ၂၁ ဦးအား လူသတ်မှုဖြင့် တရားစွဲ

အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့သော ဘရာဇီး သံသတ္ထုရိုင်းဆည် ကျိုးပေါက်မှု ဖြစ်ရပ်ဆိုးတွင် တာဝန်ရှိသူ ၂၁ ဦးအား လူသတ်မှုဖြင့် တရားစွဲ

အောက်တိုဘာ ၂၁ ။             ။ ဘရာဇီးနိုင်ငံရှိ သံသတ္ထုမိုင်းတွင်းတစ်ခု၌ ယမန်နှစ် နိုဝင်ဘာလက မိုင်းတွင်းအညစ်အကြေးများ သိုလှောင်ရာ ဆည်တာတမံတစ်ခု ကျိုးပေါက်ကျခဲ့ပြီးနောက် လူပေါင်း ၁၉ ဦးထိ သေဆုံးသွားရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအခါ အဓိကတာဝန်ရှိသူ ၂၁ ဦးအား အစိုးရရှေ့နေများက လူသတ်မှုဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်သည်။

သတ္ထုကုမ္ပဏီ တစ်ခုဖြစ်သည့် Samarco ကုမ္ပဏီက လုပ်ကိုင်နေခဲ့သည့် အဆိုပါ ဆည်ကျိုးပေါက်မှုဖြစ်စဉ်မှာ နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော သဘာဝပတ်ဝန်းကျင်   ဘေးဒုက္ခတစ်ရပ် အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့သည်။

ကျိုးပေါက်သွားခဲ့သော ဆည်အတွင်းမှ တန်ချိန်သန်းပေါင်းများစွာသော မိုင်းတွင်းစွန့်ထုတ် အညစ်အကြေးများ ထွက်ရှိစီးဆင်းလာခဲ့ပြီး အနီးအနားပတ်ဝန်းကျင် လူနေအိမ်များ ဖုံးလွှမ်းခံလိုက်ရသည်။

ယင်းဖြစ်စဉ်နှင့် စပ်လျင်း၍ Samarco ကုမ္ပဏီနှင့်အတူ ဆည်၏ လုံခြုံမှုပိုင်းကိုပါ စစ်ဆေးထားခဲ့သည့် ဘရာဇီးအင်ဂျင်နီယာကုမ္ပဏီ VoGBR REcursos တို့ကိုလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု စွဲချက်များဖြင့် စွဲဆိုထားခဲ့ပြီဖြစ်သည်။

ယင်းအပြင် ယခုကဲ့သိ့ု အရပ်ဘက် အဖွဲ့အစည်းကိုပါ ထိခိုက်ပျက်စီးစေခဲ့သည့်အတွက် ၁၅ နှစ်အတွင်း လျော်ကြေးငွေ စတာလင်ပေါင် ၅ ဒသမ ၈၂ ဘီလီယံ ပေးဆောင်မည်ဟု Samarco နှင့် အတူ အဓိကတာဝန်ရှိသည့် လုပ်ငန်းများဖြစ်သည့် Vale ၊ BHP တို့က မတ်လက သဘောတူညီခဲ့သော်လည်း ယင်း သဘောတူညီမှုအပေါ် အစိုးရရှေ့နေများက ကျေနပ်ခဲ့ခြင်းမရှိခဲ့ပေ။

ယင်း ဖြစ်စဉ်တွင် Samarco ကုမ္ပဏီအနေဖြင့် ဆည်ကျိုးပေါက်နိုင်သည့် အခြေအနေနှင့် ပတ်သက်၍ ကောင်းစွာ သိရှိထားကြောင်းနှင့် ဖြစ်လာမည့် ဆိုးကျိုးအပေါ် လျစ်လျူရှုထားခဲ့ပြီး အကျိုးအမြတ် အတွက်သာ ဦးစားပေး လုပ်ဆောင်ခဲ့ကြောင်း အစိုးရရှေ့နေတစ်ဦးဖြစ်သူ ဟိုးဆေး လယ်တီဆန်ပီယာအိုက ပြောသည်။

ယင်းအတွက်ကြောင့် ယင်းဖြစ်စဉ်တွင် Samarco မှ အမှုဆောင်အရာရှိများနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်မဲ့မှုမှာ လူသတ်မှု အထမြောက်နေကြောင်း အစိုးရရှေ့နေများက စွဲဆိုလိုက်သည်။ စွဲဆိုခံရသူများထဲတွင် ဘရာဇီးနိုင်ငံသား ၁၆ ဦး၊ အမေရိကန်နှစ်ဦး၊ ဗြိတိန်၊ တောင်အာဖရိက၊ သြစတြေးလျနှင့် ပြင်သစ်နိုင်ငံသားတစ်ဦးစီတို့ ပါဝင်နေသည်။

အကယ်၍ ယင်းစွဲဆိုချက်ကို အတည်ပြုနိုင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ပါက စွဲဆိုခံထားရသူများမှာ အများဆုံး ထောင်ဒဏ် ၅၄ နှစ်အထိ ကျခံသွားရမည်ဖြစ်သည်။

"  ဒီဖြစ်စဉ်မှာ သေဆုံးသွားရသူတွေဟာ အသတ်ခံရလိုက်တာပါပဲ" ဟု အစိုးရရှေ့နေတစ်ဦးဖြစ်သည့် အက်ဒွါဒို ဆန်တို့စ်ဒီ အိုလီးဗီယားက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags