ဘာစီလိုနာကို ဂိုးပြတ်ရှုံးခြင်းမှာ နည်းပြဘဝ အဆိုးဆုံးရလဒ် မဟုတ်ဟု ဂွာဒီယိုလာပြော

ဘာစီလိုနာကို ဂိုးပြတ်ရှုံးခြင်းမှာ နည်းပြဘဝ အဆိုးဆုံးရလဒ် မဟုတ်ဟု ဂွာဒီယိုလာပြော

အောက်တိုဘာ ၂၀၊ ဘာစီလိုနာ။                   ။ ဘာစီလိုနာကို ၄-၀ ဖြင့်ဂိုးပြတ်ရှုံးခြင်းမှာ နည်းပြဘဝ အဆိုးဆုံးရလဒ် မဟုတ်ကြောင်း မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ကစားသော ချန်ပီယံလိဂ်ပွဲစဉ်တွင် မက်ဆီ၏ ဟက်ထရစ်နှင့် နေမာ၏ သွင်းဂိုး တစ်ဂိုးကြောင့် ဘာစီလိုနာအသင်းက မန်စီးတီးကို ၄-၀ ဖြင့်အနိုင်ရခဲ့သည်။

မန်စီးတီးအသင်း ၁-၀ ဖြင့်ရှုံးနေချိန်တွင် ပွဲချိန်ဒုတိယပိုင်းအစ၌ ဂိုးသမားဘရာဗိုအနီကတ်ပြထုတ်ပယ်ခံရပြီး ပွဲချိန်နှောင်းပိုင်းတွင် ဘာစီလိုနာမှ မက်သယူလည်း ထုတ်ပယ်ခံရသည်။

သို့သော်လည်း ဂွာဒီယိုလာက ယင်းရလဒ်မှာ နည်းပြဘဝအဆိုးဆုံး ရလဒ်မဟုတ်ကြောင်း ၂၀၁၄ တွင် ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်စဉ်က ရီးယဲလ်မက်ဒရစ်အား ၄-၀ ဖြင့်ရှုံးခဲ့ဖူးခြင်းကို ထောက်ပြကာ ပြောဆိုခဲ့သည်။

“နည်းပြဘဝ အဆိုးဆုံးရလဒ်ကတော့ ဘိုင်ယန်မြူးနစ်နဲ့အတူ ရီးယဲလ်မက်ဒရစ်ကို ရှုံးခဲ့တုန်းကပါ။ အဲဒီတုန်းက ပွဲထွက်လူစာရင်း ထုတ်ရာမှာ အမှားတွေလုပ်ခဲ့မိတဲ့ အခြေအနေ တစ်ခုလုံးပေါ်မှာ မူတည်ခဲ့တယ်”ဟု ဂွာဒီယိုလာက ပြောသည်။

မန်စီးတီးအသင်းမှာ ဂိုးရရှိရန် လုံလောက်သော အခွင့်ရေးများ ဖန်တီးနိုင်ခဲ့သည်ဟု ဂွာဒီယိုလာကဆိုခဲ့သော်လည်း ဘာစီလိုနာ၏ ခြေစွမ်းကိုလည်း အသိမှတ်ပြု ချီးကျူးခဲ့သည်။

“၂၀၁၄ မှာ ဘိုင်ယန်ကို ကိုင်တုန်းက ဘာစီလိုနာနဲ့ ပွဲမှာ အခွင့်ရေးတွေ မဖန်တီးနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ လုပ်နိုင်ခဲ့ပါတယ်။ တစ်ဂိုး၊ နှစ်ဂိုးလောက်ရဖို့ ကောင်းကောင်းဖန်တီးနိုင်ခဲ့တယ်။

ဒါပေမဲ့ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာက အနိုင်ယူသွားတာပါပဲ။ ဂိုးတွေပေးလိုက်ရတာက လွဲလို့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်”ဟု ဂွာဒီယိုလာက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly