လုံခြံုရေးပိုင်းဆိုင်ရာ တိုးမြင့်ပူးပေါင်းသွားရေး အိန္ဒိယ-မြန်မာအကြား သဘောတူညီမှုရ

လုံခြံုရေးပိုင်းဆိုင်ရာ တိုးမြင့်ပူးပေါင်းသွားရေး အိန္ဒိယ-မြန်မာအကြား သဘောတူညီမှုရ
Credit -Pann Aung facebook

အောက်တိုဘာ ၂၀ ။                  ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ တွေ့ဆုံခဲ့ပြီးနောက် ကဏ္ဍသုံးရပ်တွင် ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် နှစ်နိုင်ငံအကြား လုံခြုံရေးပိုင်းဆိုင်ရာတွင်လည်း တိုးမြင့်ပူးပေါင်းသွားရေးအတွက်ပါ သဘောတူညီနိုင်ခဲ့သည်။

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအကြား အာမခံ၊ လျှပ်စစ်စွမ်းအင်နှင့်ဘဏ်လုပ်ငန်း တို့တွင် ပူးပေါင်းဆောင်ရွက်သွားမည့် နားလည်မှုစာချွန်လွှာများကို ယမန်နေ့က နှစ်ဘက်ခေါင်းဆောင်များရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားနိုင်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်မှုများတွင် အစွမ်းကုန်ကူညီထောက်ပံ့ပေးမည်ဟု အိန္ဒိယဘက်က သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံ၏ မှုခင်းဆေးပညာ၊ ဆိုက်ဘာလုံခြုံရေး စသည် ကဏ္ဍများ အပါအဝင် ရဲလေ့ကျင့်သင်ကြားမှုတွင်ပါ ကူညီထောက်ပံ့ပေးရန် အိန္ဒိယဘက်က သဘောတူညီခဲ့သည်။

အလားတူ မဏိပူရ၊ မီဇိုရမ်တို့ရှိ နယ်စပ်ဖြတ်ကျော်စခန်းများတွင်လည်း လူဝင်မှုကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ထူထောင်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား သဘောတူညီမှုရခဲ့သည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓါတ်ငွေ့၊ လယ်ယာစိုက်ပျိုးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှု နယ်ပယ်ကဏ္ဍများတွင်လည်း တိုးမြင့်ပူးပေါင်း ဆက်ဆံသွားမည်ဟု သိရသည်။ နယ်စပ်ဒေသများအတွင်း လုံခြုံမှုပိုင်းကို တိုးမြင့်ထိန်းသိမ်းသွားရေး၊ နှစ်နိုင်ငံဆက်ဆံမှုတိုးမြင့်သွားရေးအတွက်လည်း နှစ်ဘက်အကြား ကတိပြုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly