ထိုင်းဘုရင် နတ်ရွာစံ၍ နှစ်နှစ်တကြိမ် ကျင်းပသည့် ကချင်မနောပွဲ ရပ်ဆိုင်း

ထိုင်းဘုရင် နတ်ရွာစံ၍ နှစ်နှစ်တကြိမ် ကျင်းပသည့် ကချင်မနောပွဲ ရပ်ဆိုင်း
 ဓါတ်ပုံCredit- Anuchat Zau lahpai

ချင်းမိုင်၊ အောက်တိုဘာ ၁၉ ။                  ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ် ဘန့်မိုင်ဆာမာခီ ခေါ်သည့် ကချင်ကျေးရွာတွင် လာမည့် ဒီဇင်ဘာလ ၅ က်၌ ကျရောက်မည့် ထိုင်းဘုရင် ဘူမိဘော အဒူယာဒတ် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ရိုးရာမနောပွဲ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဘုရင်ကြီး နတ်ရွာစံသွားသဖြင့် မနောပွဲ မကျင်းပတော့ကြောင်း သိရသည်။

မူလက ဘုရင်ကြီး၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသော မနောပွဲကို ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်များတွင် ပြုလုပ်ရန် ထိုင်းအာဏာပိုင်များထံ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။ ယခုအခါ ဘုရင်ကြီး နတ်ရွာစံသွားသဖြင့် မနောပွဲ ကျင်းပမှုကို ရုပ်သိမ်းလိုက်သည်ဟု ဘန့်မိုင်ဆာမာခီ ကချင်စာပေ ယဉ်ကျေးမှုအဖွဲ့မှ ခေါင်းဆောင်လည်းဖြစ်၊ ကချင်ကျေးရွာ လူကြီးတစ်ဦး ဖြစ်သူ ဦးခေါင်ဟောင်းက ပြောသည်။

“ကျနော်တို့ ကချင်ရွာမှာ မနောကွင်းလုပ်ထားတဲ့နေရာက ဘုရင်ကြီး ပထမဆုံး ရဟတ်ယာဉ်နဲ့လာဆင်းတဲ့ ဘုရင်ကြီး ခြေချခဲ့တဲ့ နေရာမှာ မနောတိုင် စိုက်ထူထားတာဖြစ်တယ်" ဟု ဦးခေါင်ဟောင်းက ပြောသည်။

"ဘယ်တော့ ပြန်ကျင်းပမယ်ဆိုတာက တက်လာမယ့် ဘုရင်နဲ့ အစိုးရတွေနဲ့ပြန်ခွင့်တောင်းမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ချင်းမိုင်မြို့နယ် ဘန့်မိုင်ဆာမာခီ ကချင်တိုင်းရင်းသားများသည် ထိုင်းဘုရင်၏ မွေးနေ့အဖြစ် ၂၀၁၄ ခုနှစ်တွင်လည်း မနောပွဲကို နိုင်ငံတကာမှ ကချင်တိုင်းရင်းသားများ လာရောက်၍ ခမ်းခမ်းနားနားကျင်းပခဲ့ရာ အခမ်းအနားတွင် ထိုင်းအာဏာပိုင်များ ဖွင့်လှစ်ပေးခြင်းနှင့် ဘုရင်ကြီးနှင့် ပတ်သက်၍ ဂုဏ်ပြုစကားများ ပြောကြားခြင်းနှင့် ကချင်ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အောက်တိုဘာလ ၁၃ ရက်က ဘုရင်ကြီး နတ်ရွာစံသဖြင့် တစ်လကြာ ပျော်ပွဲရွှင်ပွဲများ မလုပ်ရန်နှင့် ဝမ်းနည်းကာလအဖြစ် တစ်နှစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှစတင်၍ ထိုင်းဘုရင်အား ဂုဏ်ပြုသော ကချင်မနောပွဲကို ကျင်းပခဲ့ရာ ၂၀၁၄ ခုနှစ်အထိ ၆ ကြိမ်မြောက် ကျင်းပခဲ့ပြီး ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဝမ်းနည်းခြင်း အထိန်းအမှတ် အချိန်တစ်နှစ်ထားရန် သတ်မှတ်ထားသဖြင့် နှစ်နှစ်တစ်ကြိမ် ကျင်းပသော မနောပွဲကိုလည်း မကျင်းပတော့ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အောက်တိုဘာလ ၁၇ ရက်တွင်လည်း ဘုရင်ကြီး နတ်ရွာစံသွားသဖြင့် ဝမ်းနည်းကြောင်းနှင့် ထိုင်းဘုရင်ကြီး လုပ်ဆောင်ချက်များအပေါ် ကျေးဇူးတင်ကြောင်းကို ထိုင်းတီဗီ TNN 24 မှ အဆိုပါ ဘန်းမိုင်ဆာမှာခီရှိ ကချင်တိုင်းရင်းသားများနှင့် မေးမြန်းထားသည်။

ထိုင်းဘုရင်ကြီးသည် ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုရုံသာမက ထိုင်းဘုရင်၏ စိုက်ပျိုးရေး စီမံကိန်းအရ ကချင်တိုင်းရင်းသားများကို ကောက်ပွဲသီးနှံစိုက်ပျိုးရန် မျိုးစေ့များ ချပေးခြင်း၊ နည်းပညာများ သင်ကြားပေးခဲ့သည်ဟု ဦးခေါင်ဟောင်းက ပြောသည်။ လာမည့် အောက်တိုဘာလ ၂၂ ၊ ၂၇ ရက်နှင့် နိုဝင်ဘာလ ၃ ရက်နေ့များတွင် ထိုင်းတီဗီမှ ထုတ်လွှင့် ပြသမည် ဖြစ်ကြောင်း ဦးခေါင်ဟောင်းက ပြောသည်။

ကချင်ရွာစတင်တည်ထောင်ခဲ့ချိန် ၁၉၈၅ ခုနှစ်က ဘုရင်ကြီးကိုယ်တိုင် ကချင်ကျေးရွာသို့ ရောက်ရှိလာပြီး ဘုရင်ကြီး၏ Royer Project စိုက်ပျိုးရေး စီမံကိန်းလာရောက် ဖွင့်လှစ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်နည်းပညာများကို သင်ကြားပေးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ဘုရင်မကြီး လာရောက်ကြည့်ရှုကာ သောက်သုံးရေ ရရှိရေး စီမံပေးခဲ့သည်ဟု သူက ပြောသည်။

“ကျနော်တို့ ဒုက္ခရောက်နေတဲ့အချိန်မှာ စောင့်ရှောက်ပေးခဲ့တဲ့ အဖေဖြစ်တယ်။ ဘုရင်ကြီးရဲ့ ကျေးဇူးက ကျနော်တို့ ကချင်လူမျိုးတွေအနေနဲ့ နှုတ်နဲ့ ပြောလို့ မကုန်အောင် ကျေးဇူးကြီးမားတယ်။ ကျနော်တု့ိကချင်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ရဲ့ နွေးထွေးတဲ့ တောင်ပံအောက်မှာ ထိုင်းစစ်တပ်ကနေလည်း ဘာမှ အနှောက်အယှက် မပေးနိုင်အောင် ဒီနေ့ထိ နေထိုင်ခွင့်ပေးထားတယ်။ ဘုရင်ကြီးရဲ့ ကျေးဇူးကြောင့် ကျနော်တို့ ထိုင်းက ကချင်လူမျိုးတွေဆိုပြီး ကမ္ဘာက ပိုသိလာတယ်။ အခု ဘုရင်ကြီး မရှိတော့ဘူး။ သူလမ်းညွန်ပေးခဲ့တဲ့အတိုင်း ဆက်လက် ကြိုးပမ်းသွားပါ့မယ်။ ထိုင်းနိုင်ငံရဲ့ လူမျိုးစုတစုအနေနဲ့လက်ခံတဲ့အထိ နေထိုင်ခွင့်ပေးထားတယ်”ဟု ဦးခေါင်ဟောင်းက ပြောသည်။

ထို့ပြင် ဘုရင်ကြီး နတ်ရွာစံမှုအတွက် ဝမ်းနည်းပူဆွေးရပြီး ဘုရင်ကြီး မရှိတော့သော်လည်း ဘုရင်ကြီး လမ်းညွန်မှုအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝမ်းနည်းကြောင်း သဝဏ်လွာကိုလည်း ပေးပို့ခဲ့သည်ဟု သူက ပြောသည်။

အဆိုပါ ကချင်ကျေးရွာ တည်ထောက်ခဲ့သည်မှာ နှစ်ပေါင်း ၃၁ နှစ် ကြာပြီ ဖြစ်ပြီး လက်ရှိ အိမ်ခြေပေါင်း ၁၂၀ ကျော်ရှိကာ ဂျိန်းဖော၊ လီဆူ၊ လောင်ဝေါ်၊ ရဝမ်၊ လချိတ်၊ အဇီး(ဇိုင်ဝါး) စသည့် တိုင်းရင်းသားများ နေထိုင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly