မူးယစ်နှိမ်နှင်းမှုစစ်ပွဲကြောင့် ဖိလစ်ပိုင်အကျဉ်းထောင်များ လူမဆံ့အောင်ဖြစ်နေ

မူးယစ်နှိမ်နှင်းမှုစစ်ပွဲကြောင့် ဖိလစ်ပိုင်အကျဉ်းထောင်များ လူမဆံ့အောင်ဖြစ်နေ
Photo-epa

မနီလာ၊အောက်တိုဘာ ၁၈ ။            ။ ဖိလစ်ပိုင်နိုင်ငံတွင် သွေးထွက်သံယိုမူးယစ်ဆေးဝါးနှိမ်နှင်းမှုစစ်ပွဲအတွင်း နောက်ဆက်တွဲဆိုးကျိုးအဖြစ် အကျဉ်းထောင်များတွင် လူပြည့်ကြပ်နေသည်မှာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေသည်။

ကွီဇွန်စီးတီး အကျဉ်းထောင်တွင် အောက်တိုဘာ ၁၇ ရက်က လူမဆန့်တော့သဖြင့် လူပြည့်သိပ်နေသည့် အကျဉ်းတိုက်အတွင်း သံတိုင်များတွင် မှေးမှီကာ အိပ်စက်ရသည့်အထိ ဆိုးဝါးသည်။ ယင်းအကျဉ်းထောင်ကို အကျဉ်းသား ၈၀၀ ဆံ့အဖြစ်သာ တည်ဆောက်ထားခြင်းဖြစ်သော်လည်း လက်ရှိတွင် အကျဉ်းသား ၄၀၀၀ နီးပါးမျှကို ထားရှိထားခြင်းဖြစ်ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများက epa သို့ ပြောသည်။

သမ္မတဒူတာတေးက ရာဇဝတ်မှုနှိမ်နှင်းရေးစစ်ပွဲ ဆက်လက်ဆင်နွှဲနေခြင်းကြောင့်လည်း အကျဉ်းထောင်သို့ ရောက်ရှိလာသူ တိုးသထက်တိုးကာနေသည်။ အကျဉ်းထောင်အတွင်း ဖမ်းဆီးထောင်ချထားသူများမှာ ရာဇဝတ်မှုများ ကျုးလွန်သည့် စွပ်စွဲမှုများဖြင့် ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြကြောင်း ထောင်ဝါဒါတစ်ဦးက ပြောသည်။

အများစုက မူးယစ်ဆေးရောင်းဝယ်သူများဖြစ်ပြီး အစိုးရ၏ မူးယစ်နှိမ်နှင်းရေးစစ်ပွဲအတွင်း ဖမ်းဆီးခဲ့ရသူများဖြစ်ကြသည်။ ဇူလိုင်လကစတင် ဆင်နွှဲခဲ့သည့် မူးယစ်နှိမ်နှင်းရေးစစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ ၄၀၀၀ နီးပါးကို သုတ်သင်ရှင်းလင်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်အရသိရသည်။

ကွီဇွန်စီတီးအကျဉ်းထောင်အတွင်းမှ ထောင်သားများက ထောင်အတွင်းပိုမိုကောင်းကောင်းမွန်မွန်နေရရေးအတွက် အောက်တိုဘာ ၁၇ ရက်က အသနားခံကြသည်။ သို့သော်လည်း ဒူတာတေး၏ မူးယစ်ဆေးဝါးစစ်ပွဲက ဆက်လက်ရှိနေခြင်းကြောင့် လူပြည့်သိပ်နေသည့် ထောင်များတွင် အကျဉ်းကျသူဦးရေက တိုးသထက်တိုးလာဖို့ပဲရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly