ကျပ်သိန်း ၁၇၀၀ အကုန်ကျခံ ခင်းခဲ့သော ဖောင်ဆိုင် - မှန်ပင် - ခန္တီး ကျေးရွာချင်းဆက်လမ်း တစ်နှစ်အတွင်း ပျက်စီး

ကျပ်သိန်း ၁၇၀၀ အကုန်ကျခံ ခင်းခဲ့သော ဖောင်ဆိုင် - မှန်ပင် - ခန္တီး ကျေးရွာချင်းဆက်လမ်း တစ်နှစ်အတွင်း ပျက်စီး

ခန္တီး၊အောက်တိုဘာ ၁၈ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ဖောင်ဆိုင် - မှန်ပင် - ခန္တီး ကျေးရွာချင်းဆက် လမ်းမှာတည်ဆောက်ပြီး တစ်နှစ်အတွင်း ပျက်စီးသွားသောကြောင့် သွားလာရန် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံတစ်ချို့ကဆိုသည်။

အဆိုပါ လမ်းကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလပိုင်းက စတင်၍ ကျပ်သိန်း ၁၇၀၀ အကုန်အကျခံပြီး ၁၀ မိုင်ကို နေပြည်တော် လမ်းအဖွဲ့မှ ဦးဆောင်၍ ခင်းခဲ့ကြခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် ကျေးရွာလူထုထံ လမ်းအပ်ခဲ့သည်ဟု မှန်ပင်ကျေးရွာမှ ဦးစိုင်းဝင်းအောင်က ဆိုသည်။

"လမ်းခင်းပြီး မကြာဘူးပျက်တယ်။ လမ်းတွေက မြင်တဲ့အတိုင်းပြတ်ကုန်တယ်။ ဒေသအတွက် အကျိုးမဖြစ်ဘူး။ ဒါတွေ ကို ဒီအတိုင်းပဲ ဒီနေ့အချိန်ထိ လာပြင်ပေးတာလဲမရှိဘူး။ လာတောင်မကြည့်ဘူး။ လောလောဆယ်သွားလို့ရအောင် တံ လေးတွေထိုးသွားနေရတယ် "ဟု ဦးစိုင်းဝင်းအောင်က ပြောသည်။

အဆိုပါ လမ်းဖေါက်ရန်အတွက် စိုက်ပျိုးမြေများ ဆုံးရှုံးမှုများရှိသော်လည်း ယနေ့အချိန်ထိ သီးနှံလျှော်ကြေး၊ မြေလျှော် ကြေးမရရှိခဲ့ဟုလည်း ဒေသခံတစ်ချို့က ဆိုသည်။

"လမ်းဖောက်တယ်ဆိုတော့ ဘယ်သူမှဘာမှမပြောဘူး။ လမ်းကောင်းရင် ဒေသဖွံံ့ဖြိုးမယ် ဆိုတော့လေ။ ဒါပေမယ့်ထင် သလိုမဖြစ်ဘူး။ စိုက်ပျိုးမြေတွေသာ ပေးလိုက်ရတယ်။ လမ်းက အသုံးပြုမရခဲ့ဘူး။ အဲဒီလမ်းကပျက်ပြီး ဖို့မြေတွေက ကျန်နေတဲ့ စိုက်မြေတွေထဲဝင်တော့ စိုက်တဲ့အချိန်ကျတော့လည်း အတော်ခက်တယ်။ ဘယ်သူမှ တာဝန်မ ယူကြဘူး။ စေတနာပါပါ၊ စနစ်တကျခင်းပေးခဲ့ရင် ဒါမျိုးမဖြစ်ပါဘူး " ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုစိုင်းထီးဇော်က ပြောသည်။

အဆိုပါ လမ်းကို ပြန်လည်ပြုပြင်ပေးရန်နှင့် ယခင်က တာဝန်ယူခင်းပေးခဲ့သော သက်ဆိုင်ရာအဖွဲ့များကိုလည်း အရေးယူ ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဒေသခံများက စုပေါင်း လက်မှတ်ထိုး၍ တိုင်ကြားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly