ဘန်ကောက်(ထိုင်း)၊အောက်တိုဘာ ၁၇ ။ ။ ထိုင်းဘုရင် ဘူမိဘော အောက်တိုဘာ ၁၃ ရက် နတ်ရွာစံခဲ့၍ ပူဆွေးဝမ်းနည်းလျက်ရှိခြင်းကြောင့် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေပိတ်ရက်တွင် ဘန်ကောက်မြို့၏ ရေပန်းစားသော ညမြင်ကွင်းက ခြောက်ကပ်ဆိတ်သုဉ်းသွားသည်။
ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်အနှံ့တွင် စနေ့ညနေခင်းတိုင်း စည်ကားနေကျ ညဈေးတန်းနေရာများက တံခါးများ ပိတ် တိတ်ဆိတ်ကာ ကံတော်ကုန် ဘုရင်မင်းမြတ်အား ရိုသေလေးမြတ်ခြင်း အမှတ်သညာအဖြစ် တိတ်ဆိတ်နေသည်။ နီယွန်မီးရောင်များ ထိန်ညီးကာ အလွန်စည်ကားခဲ့သည့် Soi Cowboy နှင့် Nana Plaza တို့မှာ တစ္ဆေမြို့များအဖြစ် ထင်မှတ်သွားလောက်အောင် နီယွန်မီးများ မထွန်းလင်းနိုင်တော့။ တုတ်တုတ်ဒရိုင်ဘာများသာ ဟိုတစ်စ ဒီတစ်စ လှုပ်ရှားမှုအဖြစ် မြင်တွေ့ရသည်။
ထိုင်းဘုရင် နတ်ရွာစံပြီးနောက် စားသောက်ဆိုင်များနှင့် ဘားဆိုင်များကို ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားသော်လည်း အများစုက ကျယ်ကျယ်လောင်လောင် တီးခတ်ဖျော်ဖြေခြင်းများကို ရှောင်ကြဉ်ကြသည်။ အရက်သေစာ ရောင်းချခြင်းကို အတိအလင်း တားမြစ်ထားခြင်း မရှိသော်လည်း ဆိုင်အများစုက ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ရောင်းချခြင်း မရှိကြပေ။
တစ်ချို့ဆိုင်များကလည်း အနည်းအကျဉ်းသာ ရောင်းချခြင်း ပြုသည်။ အောက်တိုဘာ ၁၃ ရက်က ပြည်သူများ ကြည်ညိုသော ထိုင်းဘုရင် နတ်ရွာစံပြီးနောက် ထိုင်းနိုင်ငံစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာက ဝမ်းနည်းပူဆွေးမှုအထိမ်းအမှတ် တစ်နှစ် ကြေညာပြီး အနည်းဆုံးရက် ၃၀ အထိ ပျော်လမ်းသဘင်များ ကျင်းပခြင်းကို ရှောင်ကြဉ်ကြရန် ပြည်သူများအား တိုက်တွန်းထားသည်။