လီဗာပူးလ်နဲ့ မန်ယူတို့ နှစ်ဖက်ဂိုးမရှိ သရေကျ

လီဗာပူးလ်နဲ့ မန်ယူတို့ နှစ်ဖက်ဂိုးမရှိ သရေကျ
(ဓာတ်ပုံ - အီးပီအေ)

လီဗာပူးလ် ဝ-၀ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ်(၈) အဖြစ် ဒီကနေ့ မနက်အစောပိုင်းက အင်္ဂလန်ဒါဘီပြိုင်ဘက် လီဗာပူးလ်နဲ့ မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိ သရေကျခဲ့ပါတယ်။

အန်ဖီးလ်မှာ ကစားသွားတဲ့ မန်ယူဟာ ရူနီကို မသုံးဘဲ အီဘရာဟီမိုဗစ်ကို အထောင်ထားပြီး သူ့နောက်မှာ ပေါ့ဘာကို ကစားစေခဲ့သလို ကွင်းလယ်အသာ စီးရဖို့ ဟာရဲရား၊ ဖယ်လေနီတို့ကို သုံးခဲ့ပါတယ်။ တောင်ပံနှစ်ဖက်မှာတော့ ရပ်ရှ်ဖို့ဒ်နဲ့ အက်ရှ်လေယန်းတို့ ပွဲထွက်လာခဲ့ပါတယ်။

အိမ်ရှင် လီဗာပူးလ်ဖက်မှာလည်း ကွင်းလယ်ကို ဟန်ဒါဆန်၊ အမ်မရီချန်၊ ကော်တင်ဟိုတို့နဲ့ ကစားပြီး တိုက်စစ်မှာ ဖေမီနို၊ စတာရစ်ချ်၊ မာနေတို့ ပါဝင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ မန်ယူက တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် လီဗာပူးလ်က ကွင်းလယ် အတွဲအဖက် ပျက်ပြီး ဘောလုံး အပေးအယူ အမှားတွေ များနေလို့ ကစားကွက် မတည်နိုင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့် နောက်ပိုင်း လီဗာပူးလ်က ပွဲကို ပြန်စီးမိပြီး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ဒါပေမယ့် မန်ယူက ခံစစ်ကို ကျစ်လစ်စေပြီး လီဗာပူးလ်ကစားသမားတွေ နေရာလွတ် မရအောင် ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်ဖက်လုံး အခွင့်အရေးတွေ မရကြဘဲ ဂိုးမရှိနဲ့ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးလ်ဖက်က ပွဲကို စိုးမိုးထားပြီး မန်ယူအသင်းကို ဖိအားပေး ကစားသွားပါတယ်။ အမ်မရီချန်ရဲ့ ကန်သွင်းချက်နှင့် ကော်တင်ဟိုရဲ့ ၂၅ ကိုက်အကွာ ဂိုးသွင်းမှုတွေကို မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်ယူဖက်က ရူနီ ဝင်ကစားခဲ့ပါတယ်။ မန်ယူအသင်းအတွက် အကောင်းဆုံးအခွင့်အရေးကတော့ ပေါ့ဂ်ဘာရဲ့ ဖြတ်တင်ဘောကို အီဘရာဟီမိုဗစ် ခေါင်းတိုက်ခွင့်ရတဲ့ တစ်ကြိမ်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးမရဘဲ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုက သူ့ရဲ့ ခံစစ်နည်းဗျူဟာကြောင့် အဝေးကွင်းမှာ သရေတစ်မှတ်ရယူခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဒီနေ့ပွဲ သရေကျခဲ့တာကြောင့် ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး မန်ယူက ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၇ မှာပဲ ရပ်တည်နေပါတယ်။

Opta ရဲ့ ၂၀၀၃-၀၄ ဒေတာများအရ မန်ယူဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေထဲက ဒီကနေ့ပွဲရဲ့ ဘောလုံးပိုင်ဆိုင်မှု (၃၅) ရာခိုင်နှုန်းနဲ့ အနိမ့်ဆုံးမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags