ဘာရုပ်တွေ ထုနေကြတာလဲ ဟင်

ဘာရုပ်တွေ ထုနေကြတာလဲ ဟင်

"ပန်းပုဆရာတစ်ယောက်ရယ်က လက်ရာမြောက်စွာနဲ့ရယ် ဘီလူးငယ်အရုပ်ကလေး လက်ငင်းအသက်သွင်းလို့ရယ် ..... စိန်မြရံချယ် ရွှေကြုတ်ထဲမှာ ထည့်ကာထား အလှကြည့်မယ် စိတ်ကူးများနဲ့ရယ် ...." ဒီစာသားတွေကတော့ ဗမာကျေးလက် ဂန္ထဝင် အဆိုတော်ကြီး တွံတေးသိန်းတန်ရဲ့ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ သီချင်းထဲက စာသားတွေပါ ခင်ဗျာ။

ပန်းပုဆရာတစ်ယောက် ဘီလူးရုပ်ထုတဲ့ အကြောင်းပေါ့။ (သူ့သီချင်း ရည်ရွယ်ရင်းက တစ်ခြားဖြစ်ပေမယ့် ဒီနေရာမှာ မောင်မှန်က ကိုယ်လိုရာပဲ ဆွဲယူလိုက်ပါတယ်။) ဗမာပြည်မှာတော့ ပန်းပုဆရာတစ်ယောက် မကဘူး။ ပန်းပုဆရာတွေက ဘီလူးရုပ်တွေ ထုနေကြပါပြီ။ နိုင်ငံတကာမှာ ဘီလူးရုပ်တု ဈေးကွက်ကောင်းနေလို့တော့ မဟုတ်ပါဘူး။ မောင်မှန်ပြောတဲ့ ပန်းပုဆရာက မနှစ်တုန်းက အရမ်းခေတ်စားတဲ့ သီအိုရီတစ်ခုထဲက ပန်းပုဆရာကို ဆိုလိုတာပါ။

ဒီမိုကရေစီ တိုက်ပွဲလမ်းကြောင်းတစ်လျှောက် ရှေ့တန်းကနေ ပါဝင်ပြီးတော့ အနစ်နာခံ ထောင်ကျခံ၊ ဘဝပျက်ခံပြီး လုပ်ခဲ့ကြသူတွေက သစ်ခုတ်သမားတွေတဲ့။ ဒီမိုကရေစီ အလင်းလေး မှိန်ပျပျရလာတော့ သစ်ခုတ်သမားတွေရဲ့ အခန်းကဏ္ဍ ပြီးသွားပြီး ပန်ပုဆရာတွေနဲ့ အခန်းကဏ္ဍ ဖြစ်လာပြီ။ သစ်ခုတ်သမားတွေ ချွေးနဲ့သံနဲ့ ခုတ်လှဲလာတဲ့ သစ်တုံးတွေကို ပန်းပုဆရာတွေက ပန်းပုထုဆစ်ရတော့မယ်။ အနုစိတ် ပန်းပုထုဆစ်ကြရတော့မယ်။ သစ်ခုတ်သမားတွေ ကိုယ့်နေရာမှာကိုယ် နေရစ်ပေတော့။

တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကို (အထိုက်အလျှောက်)ဖယ်ရှားခဲ့သူတွေက ဖယ်ရှားခဲ့ပြီ။ ဒါပေမဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့က ကျွမ်းကျင်လှတာ မဟုတ်ဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့သူတွေက တိုင်းပြည်ကို တည်ဆောက်ရပေလိမ့်မယ်ဆိုတာ သစ်ခုတ်သမားနဲ့ ပန်းပုဆရာ သီအိုရီပါပဲ။ ဒီသီအိုရီက ဟိုးအရင်ကတည်းက ရှိပါတယ်။ ပြည်ပရောက် မဟာကဝိ ပညာရှိတွေ ပြောလေ့ရှိပါတယ်။ သူတို့ဟာ ဗမာပြည်သစ်ကြီး ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာကို လှည့်ပတ်ပြီး ပညာပြီးပညာ တဟားတရား ရှာနေတာဖြစ်တယ်။ ပိဋိကတ်အိုးကွဲတွေ မဖြစ်ဖြစ်အောင် ကြံဆောင်နေတာ ဖြစ်တယ်။ စာမတက်ပေမတက်များ၊ အဲ. စာတတ်ရင်လည်း ပညာတစ်ပိုင်း တန်းလန်းများကတော့ ဒီမိုကရေစီ တော်လှန်ရေးကို တောခိုဒုက္ခခံ၊ ထောင်ကျခံပြီး လုပ်ထားနှင့်ကြ၊ ပြီးမှ ငါတို့လာခဲ့မယ် ဆိုတဲ့ အပေါက်ပေါ့။

သူတို့တတွေ ပြောတုန်းကတော့ အချောင်သမားတွေ ပြောတာဆိုပြီး မောင်မှန် နှာခေါင်းရှုှုံ့ခဲ့ပါတယ်။ အတော်များများကလည်း လက်မခံခဲ့ကြပါဘူး။ နောက်တော့လည်း အကြောင်းအမျိုးမျိုးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဝန်းကျင်မှာ ဒီသီအိုရီဟာ ဗမာမြေပေါ်မှာ ရှင်သန် ကြီးထွားလာပါတော့တယ်။ လိုင်းပေါင်းစုံက ပန်းပုဆရာတွေ စင်ပေါ်ရောက်လာကြပါတော့တယ်။ (ဒီကြားထဲ လူကိုမကြည့်ပါနဲ့၊ ပါတီကိုပဲ ကြည့်ပြီး မဲထည့်ပါလို့ ပြောလိုက်တော့ ပိုတောင် ခက်သွားသေးတယ်။) တိုင်းပြည် တည်ဆောက်ပြုပြင် အုပ်ချုပ်ရေးမှာ အင်မတန် ကျွမ်းကျင်မယ်လို့ ယူဆရတဲ့ ပညာတတ် ဒေါက်တာကြီးတွေ ပါမောက္ခဟောင်းကြီးတွေ၊ စစ်အရာရှိဟောင်းကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ တူတွေဆောက်တွေ တပြင်ပြင်နဲ့ပေါ့။ ဘာရုပ်များ ထုရမလဲ။ တစ်ခါတည်း လက်စွမ်းပြပစ်လိုက်မယ်ဆိုတဲ့ ဟန်ပန်မျိုးနဲ့ပေါ့။

ခြောက်လအတွင်းမှာ ပန်းပုဆရာတွေ အပြိုင်အဆိုင် လက်စွမ်းပြပါတော့မယ်။ မင်း ဘီလူးမှာ အစွယ်နှစ်ချောင်းထည့်ရင် ငါ့ဘီလူးမှာ အစွယ်လေးချောင်း ထည့်မကွ၊ မင်းက ဘီလူးခေါင်း တစ်ခေါင်းတဲ့၊ သနားတယ်၊ ငါက ဒဿဂီရိ ရုပ်တု ထုပြမကွ၊ ငါက တာနောယက္ခကွ၊ ငါက အာဠာဝက ကွ အစရှိသဖြင့်ပေါ့လေ။

တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ယောက် သိန်းထောင်ကျော်တန် နာရီပတ်တဲ့ ကိစ္စထားတော့။ တိုင်းအစိုးရအဖွဲ့ လက်ခံရရှိတဲ့ အလှူငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ပြပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခံရတာ ထားတော့။ တိုးတိုးတိတ်တိတ် ကိစ္စတွေ ထားလိုက်ပါဦးစို့ ခင်ဗျာ။ ကျယ်ကျယ်လောင်လောင် ကိစ္စတွေပဲ ကြည့်ကြရအောင်ပါ။

သိပ်မကြာခင်လေးက NLD အမတ်မင်းတစ်ပါးက ပြည်သူတွေဟာ ကလိန်ကျစ် ကျတတ်နေပြီ ဖြစ်တဲ့အတွက် ဥပဒေတွေ ထုတ်ပြန်ရာမှာ အတော်သတိထားပြီး ထုတ်ပြန်ရမယ်လို့ တရားဝင် ပြောသွားပါတယ်။ သူပြောတဲ့ဥပဒေက ငြိမ်းစုစီ ဥပဒေပါ။ တံစိုးလက်ဆောင်ပေး၍ မစည်းရုံးရဆိုတဲ့ အချက်ကို ဘယ်လိုလှည့်ထွက်ရင် ရနိုင်တယ်ဆိုတာ ဆွေးနွေးတာပါ။ သူ ဘာကိုဆိုလိုချင်တယ်ဆိုတာ မောင်မှန်သိပါတယ်။ ဒီနေရာမှာ ပြည်သူတစ်ချို့လို့ သုံးနှုန်းလိုက်ရင် ဘာပြဿနာမှ မရှိပါဘူး။ ပြည်သူတွေလို့ ရမ်းရမ်းကားကား ပြောချလိုက်တဲ့အတွက်သာ ပြည်သူတွေက မခံမရပ်နိုင် ဖြစ်ကြတာပါ။ ဒီနေ့အထိ ပြန်လည်ဖြေရှင်းသံလည်း မကြားရသေးပါဘူး။ ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဆိုလည်း ဒီအတိုင်းပါပဲ။ လွယ်လွယ်ကူကူ ရမ်းရမ်းကားကား ပြောချလိုက်တာပါပဲ။ ပြီးတော့ တာဝန်လည်းမယူဘူး။ ပြန်လည်းမဖြေရှင်းဘူး။ တောင်းပန်ဖို့ဆို ဝေးစွခြောက်ပါးပဲ။

ရွှေပြည်သာက မိုတယ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တာကိုလည်း ကြည့်ဦး။ NLD အမတ်မင်းက ညကြီးသန်းခေါင် ထပြီး ယောင်တယ်ထင်ပါရဲ့။ ပြည်သူတွေရဲ့ တိုင်ကြားချက်ရှိလို့တဲ့။ ညကြီးမင်းကြီး မိုတယ်ကို သွားစစ်သတဲ့။ စစ်တော့ မိုတယ်ဝန်ထမ်းတွေနဲ့ ပြဿနာဖြစ်သတဲ့။ ဒါက အမတ်မင်းရဲ့ စကား၊ မိုတယ်ဖက်က သူတို့ရိုက်ကူးထားတဲ့ CCTV မှတ်တမ်းနဲ့တကွ ရဲသွားတိုင်တာ။ သတင်းစာရှင်းလင်းပွဲလည်း လုပ်တာ။ မောင်မှန် ကြည့်ရတယ်။ CCTV မှတ်တမ်းအရတော့ မူးရူးအော်ဟစ်နေတာပဲ တွေ့ပါတယ်။ ဒါတောင် ခဏလေးမို့၊ အကြာကြီးဆို ဘာတွေမြင်ရ၊ ကြားရဦးမယ် မသိဘူး။ ဒီအမတ်မင်းမှာ အင်မတန်ကောင်းတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိတယ်လို့လည်း ကြားဖူးပါရဲ့ခင်ဗျာ။

ဘယ်လို ပန်းပုဆရာတွေပါလဲခင်ဗျာ။ အားလုံးကိုတော့ သိမ်းကျုံးပြီး မောင်မှန် မပြောလိုပါဘူး။ ဒါပေမယ့် ခြောက်လအတွင်းမှာ ဒီလောက်ဆိုရင်ပဲ အတော်လွန်လှပြီ ထင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly