မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (နိဂုံးပိုင်း)

မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ရက် ၁၀၀ အပေါ် ပြန်လည်သုံးသပ်ခြင်း (နိဂုံးပိုင်း)

ဆရာမ ဒေါ်စုစုနွေးက ပြောသွားပါတယ်။ ဆရာ ဒေါက်တာစိုးထွန်းခင်ဗျ စိုက်ပျိုးကုန်တွေ ထုတ်ကုန်တွေ ထုတ်နိုင်အောင် လုပ်ရမယ်လို့ ပြောသွားတယ်ခင်ဗျာ။ အဲတော့ ဟုတ်ပြီ စိုက်ပျိုးထုတ်ကုန်တွေကနေ ကျွန်တော်တို့ ပိုပိုလျံလျံနဲ့ ထုတ်လာနိုင်ပြီ ခုနက ဆရာပြောသွားတဲ့ အထဲမှာ ဈေးကွက်ကျတော့ တရုတ်ကိုပဲ မှီခိုနေရတယ်ဆိုတဲ့ ဟာမျိုး ပြောသွားတယ်။ အဲတော့ ကျွန်တော်တို့ ဘယ်လိုတွေလုပ်ကြမလဲ။ တကယ့်တကယ် တောင်သူလယ်သမားတွေက တိုးထုတ်နိုင်ပြီပဲ ထားပါဦး ဈေးကွက်ကလည်း ကျွန်တော်တို့မှာ မရှိဘူး။ အဲတော့ ဘယ်လိုလုပ်ကြမလဲ။

ဒေါက်တာ စိုးထွန်း

အထွေထွေ အတွင်းရေးမှူး (MAPCO)

အဲဒါကလည်း ကျွန်တော်တို့အနေနဲ့ စဉ်းစားရမယ့် အချက်တစ်ချက်အနေနဲ့ ပါတာပေါ့နော်။ လက်ရှိကတော့ ဆရာမ ဒေါ်စုစုနွေး ဆွေးနွေးတဲ့အထဲမှာ စိုက်တဲ့ ဧကရော အထွက်နှုန်းရော တိုးမလာဘူး။ လျော့တောင်လျော့တယ်။ လျော့နေလို့လည်း တော်သေးတာပေါ့။ တကယ်လို့ တိုးများတိုးလာရင် တိုးထွက်လာလျင် ပြဿနာက ရှိပြန်ရော။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ စပါးကို နှစ်ဆတိုးပြီး ထုတ်မယ်ဆိုပါစို့ လက်ရှိက အကြမ်းမျဉ်း စိုက်ပျိုးရေးစာရင်းအရ တစ်နေ့ကို ဆန်တန်ချိန် ၁၄ သန်း ထွက်တယ်ပေါ့နော်။ ၁၂ သန်းစာ ၂ သန်းပိုလျံတယ်။ ကျွန်တော်တို့က ၁ သန်းခွဲ ၂ သန်းလောက်တော့ Export ပို့ရမယ်။ ပုံမှန် လည်ပတ်မယ်ပေါ့နော်။ အဲတော့ နှစ်ဆတိုးထုတ်လိုက်လို့ သန်း ၂၀ ထုတ်လို့ ထားစရာမရှိဘူး ကျွန်တော်တို့မှာ နံပါတ်တစ် ပြဿနာပေါ့။ ယိုးဒယားက ထားစရာရှိတယ်။ ကျွန်တော်တို့က ဒီဆန်တွေကိုထားဖို့ လယ်သမားမှာလည်း အရင် ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ စပါးကျီတို့ဘာတို့ ရှိတယ်။ အခုတော့ စပါးကျီရှိတဲ့ လယ်သမားက တော်တော်ရှားနေတယ်။ အဲဒီပြဿနာ ကျွန်တော်တို့မှာ ရှိတယ်။

ခုနက မေးတဲ့မေးခွန်းက ကျွန်တော်တို့က လက်ရှိက တချို့က Export လုပ်တာက လူမှုရေးဖူလုံဖို့ ဘာတို့ညာတို့ပေါ့။ တကယ်တမ်းကျတော့ လယ်သမားကလည်း သူ့ရဲ့ အကျိုးအမြတ်ရမှ ဖြစ်မှာ။ ဒါမှမဟုတ် ချေးငွေတစ်ခုတည်းပေးမယ် များများပေးမယ် ဟုတ်ပြီ အားလုံးပေးလိုက်လို့ ဒီ စပါးထွက်တဲ့အခါ ပြဿနာက ဈေးကွက်ကို စဉ်းစားဖို့လိုတယ်။ ဈေးကွက်မှာလည်း ကျွန်တော်တို့ Single Market ခေါ်တဲ့ တရုတ်ကိုပဲ ဆန်ပို့တဲ့အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းက နယ်စပ်ကတစ်ဆင့် တင်ပို့တယ်။ ကျွန်တော်တို့နိုင်ငံက တရားဝင် တရုတ်နိုင်ငံဘက်က တရားမဝင်ဖြစ်တယ်။ အဲဒါကြောင့်မို့ သူတို့က ဖမ်းချင်ရင် ဖမ်းလို့ရတယ်။ ဖမ်းရင်လည်း ကျွန်တော်တို့က ဘာမှပြောလို့မရဘူး။ ကျွန်တော်တို့က တရုတ်ကို ဆန်ရောင်းတဲ့နေရာမှာ ဘာဖြစ်နေလဲဆိုရင် အကြွေးရောင်းရတာ ထပ်ဖြစ်ပြန်ရော။ ပွဲစားတွေကလာယူတယ်။ ဟိုဘက်မှာရောင်းပြီး ပိုက်ဆံချေမယ်။ သူတို့တွေ အဖမ်းခံရရင် ကိုယ့်ဘက်ကသူကပါ ဒုက္ခရောက်တယ်။ အဲတော့ အကြွေးမဆပ်တော့ဘူး။ မဆပ်တော့ ငွေကြေးကိစ္စတွေကြောင့် ပြဿနာတွေဖြစ်တယ်။ အဲတော့ ကျွန်တေ်ာတို့အနေနဲ့ တရုတ်ကို မှီခိုနေရတဲ့အခါမှာ တရားဝင်မဖြစ်တာကလည်း တစ်ပိုင်းပေါ့နော်။

 နောက်တစ်ပိုင်း ဒုတိယပိုင်း ကျွန်တော်တို့ လုပ်ရမှာက တရားဝင်ဖြစ်ရင်တော့ အဆင်ပြေတာပေါ့နော်။ ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံသွားတုန်းက ကျွန်တော်တို့အနေနဲ့ ဆန်ကို တရားဝင် ရောင်းချလို့ရအောင် ကျွန်တော်တို့အနေနဲ့ ဆွေးနွေးပြီးတော့ တင်ပြတယ်။ ဒုတိယအချက်က ဘာထပ်လိုလဲဆိုတော့ အခွန်ပေါ့။ ကျွန်တော်တို့ဆီက ဆန်တို့ ပြောင်းတို့ကို သူတို့ အခွန် ၃၇ ရာခိုင်နှုန်း ကောက်တယ်။ တရားဝင်ရရင် သူတို့ ၃၇ ယူပြီးရင် ကျွန်တော်တို့ မကိုက်ပြန်ဘူူး။ ၁၀၀ ရရင် ၃၇ အခွန်ဆောင်ရမယ်ဆိုရင် ၁၃၇ ဒါဆိုရင် သူတို့က မဝယ်နိုင်ပြန်ဘူး။ အဲလိုတွေဖြစ်တော့ ကျွန်တော်တို့က အခွန်သက်သာခွင့် ထပ်လိုမယ်။

နောက်တစ်ခါ ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံတွေကို ရောင်းချဖို့အတွက် လိုတာပေါ့နော်။ ကြိုးစားဖို့လည်း လိုတယ်။ ပြဿနာက တစ်ခါ ဘာပြန်ထွက်လာလဲဆိုတော့ ခုနက ဦးနှင်းဦးပြောတဲ့အထဲမှာ ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ် များနေတယ်။ ဒါ ပြီးခဲ့တဲ့ လတွေကတည်းက ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် ၃ သန်း ၃သိန်းအတွက် တင်ဒါ ကမ်းလှမ်းတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ ဆွေးနွေးတဲ့နေရာမှာ သူတို့ပြောသလို လိုချင်တဲ့ဈေးကို မရတဲ့အတွက်ကြောင့်မို့ ထိုင်းနဲ့ ဗီယက်နမ်က ဝယ်လိုက်တယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့လည်း သုံးသိန်း မရတော့ဘူးပေါ့နော်။ ကျွန်တော်တို့အနေနဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာက ငွေချေးတာတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ လိုတော့လိုတာပေါ့။ ငွေဆိုတာက ဒုတိယဘုရားသခင်လို့တောင် ပြောကြတာလေ။ ငွေမရှိရင် မဖြစ်ဘူး။ သို့သော်လည်းပဲ ငွေချေးတာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး။ ငွေချေးပြီးတော့မှ တစ်ခါ များများထွက်လာပြီးတော့မှ ဈေးနှုန်းကျမယ် သို့မဟုတ် ရာသီဥတု ဖောက်ပြန်မယ် ဆိုတော့ တစ်ဧကကို တစ်သိန်းခွဲချေးထားရင် တစ်သိန်းခွဲ ပြန်ဆပ်ရမယ်။ တစ်ဧက သုံးသိန်းချေးလိုက်တယ်ဆိုရင် နှစ်ဆဖြစ်သွားမယ်။ တကယ်လို့သာ လယ်တွေက ရေမြုပ်သွားမယ်ဆိုရင် ဒီပိုက်ဆံတွေကို ကျွန်တော်တို့တွေ ဘယ်လိုလုပ်ပြီး ပြန်ဆပ်မလဲ။ အစိုးရထောက်ပံ့တာက မျိုးစပါးပဲ ထောက်ပံ့တာ။ တစ်ဧက တစ်တင်းနှုန်း ကျပ် ၅၅၀၀၊ ၆၀၀၀ ကျပ်ဖိုးနှုန်း ထောက်ပံ့တယ်။ ဒါကလည်း ကျွန်တော်တို့ ပြဿနာက ငွေများများချေးလိုက်ရင် အဖြေလားဆိုတဲ့ မေးတဲ့မေးခွန်းက ပြောရတာ ခက်တယ်။ တစ်ခါ ရေတော့မကြီးပါဘူး နှစ်ဆတိုးအောင်ထွက်တယ် ဆရာဦးနှင်းဦးတို့ဆီကလည်း ငါးတွေ နှစ်ဆထွက်မယ် ကျွန်တော်တို့ဆီက ဈေးကွက်ကရော အဲလောက် စားနိုင်မလား။ မစားနိုင်ရင် ဘယ်လိုလုပ်မလဲ။ စပါးဆိုရင်လည်း ထွက်လာမယ် ထားစရာမရှိဘူးဆိုရင် မိုးတွေရွာမယ် အချိန်အခါမဟုတ်ပဲ ရာသီဥတုတွေ ဖောက်ပြန်မယ် အဲတော့ စပါးတွေ ဘယ်မှာသွားထားမလဲဆိုတာ ဖြစ်ပြန်ရော။ အဲတော့ ကျွန်တော်တို့မြင်တာကတော့ ခုနက ကျွန်တော်တို့ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကိုပဲ မှီခိုရတာ ကျွန်တော်တို့အတွက် အန္တရာယ် တော်တော်ကြီးပါတယ်။ တရုတ်နဲ့ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ အရင်တုန်းက တပ်မတော်အစိုးထက်စာရင် ဆက်ဆံရေးက ဘာပဲဖြစ်ဖြစ် အရင်ကလောက် မချေမွေ့တာ အမှန်ပဲ။ တရုတ်သာ ခလုပ်နှိပ်မယ်ဆိုရင် ကျွန်တော်တို့အားလုံး တော်တော်ကို ဒုက္ခရောက်နိုင်ပါတယ်။ ကျွန်တော်တို့က ထင်မှာပဲ တရုတ်ကတော့ လိုမှာပဲ ဝယ်မှာပဲလို့ မရဘူး ကျန်တဲ့တိုင်းတွေလည်း ပိုက်ဆံပေးရင် ဝယ်လို့ရတယ်။ တရုတ်နိုင်ငံက နိုင်ငံခြားဝင်ငွေက ထရီလျံနဲ့ချီပြီး ပိုနေတာ။ ပိုနေတဲ့အတွက်ကြောင့် မြန်မာပြည်ကမဝယ်လည်း သူက ဗီယက်နမ်က ဝယ်လို့ရတယ်။ ထိုင်းရလည်းဝယ်မယ်။ အကုန်လုံးက ရနေတဲ့အတွက်ကြောင့်မို့ သူက ပြဿနာသိပ်မရှိဘူး။ ကျွန်တော်တို့ကို ခလုပ်နှိပ်လို့ရတယ်။ အဲတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ဒါကို သတိထားဖို့လိုတယ်။ လယ်ဆည်ဝန်ကြီးဌာနအနေနဲ့လည်း စီးပွားကူးသန်းနဲ့ ပေါင်းပြီးတော့မှ ခုနကဖြစ်နေတဲ့ Single Market တရုတ်အပြင်ကို အခြားဈေးကွက်တွေ ရရှိအောင် လုပ်ဖို့လည်း လိုပါတယ်။ ဝန်ကြီးဌာနကနေတစ်ဆင့် နိုင်ငံတော်အတိုင်ပင်ခံ သို့မဟုတ် နိုင်ငံတော်သမ္မတတွေဆီကို သွားတဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ တိကျတဲ့ သဘောတူညီချက် ရရှိအောင် နောက်တစ်ခါ ကုန်သွယ်မှု သက်သာအောင် တောင်းဆိုတဲ့အနေနဲ့ ကျွန်တေ်ာတို့က ဒီနေရာကနေ တင်ပြလိုပါတယ်။

မဇ္ဈိမ

ဟုတ်ကဲ့ပါ။ အချိန်လေးကလည်း နဲနဲ လင့်လာပြီဆိုတော့ ကျွန်တော်တို့ နိဂုံးချုပ်အနေနဲ့ သွားကြရအောင်ပါခင်ဗျ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းဘက်က တာဝန်ရှိပုဂ္ဂိုလ်များလည်း မလာတဲ့အတွက်ကြောင့် သူတို့မှာလည်း ပြောချင်စရာတွေတော့ ရှိမှာပေါ့နော်။ သူတို့ဘက်ကလည်း အခက်အခဲတွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲတော့ ကျွန်တော်တို့ဘက်ကလည်း ပြန်ပြီးတော့ အကြံပြု တင်ပြတာမျိုး အချုပ်အားဖြင့် ပြန်ပြောရမယ်ဆိုရင် ဆရာအနေနဲ့ ဟုတ်ပြီ ပြီးခဲ့တဲ့တစ်ပိုင်းကတော့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေခဲ့ပြီ။ ဒါဆို ကျွန်တော်တို့မှာ နောက်ထပ် အချိန် လေးနှစ်လောက် ကျန်သေးတာပေါ့နော် အဲတော့ ဘာတွေများ ထပ်ပြီးတော့မှ လက်တလော ရေရှည် ဥပမာ သုံးလတန်သည် တစ်နှစ်တန်သည်ဆိုရင် ဆရာ ဘာတွေများ အကြံပေးချင်လဲ။ ဘာတွေများ လုပ်သင့်သလဲ။

ဦးနှင်းဦး

အကြီးတန်း ဒုဥက္ကဋ္ဌ - မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်

ခုနကတုန်းက ဆရာဦးစိုးထွန်း ဆွေးနွေးသွားတာလည်း ပါပါတယ်။ Market ပြဿနာလေး ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ နားလည်ထားတာကတော့ International Market တွေနဲ့ ကျွန်တော်တို့ အများကြီး ဆက်ဆံပါတယ်။ အဲတော့ အစ္စရေးနိုင်ငံက ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာလည်း ဒီလိုပဲ ပြဿနာတွေအားလုံးကို ဆွေးနွေးတဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့က နဂိုတုန်းက International Market ကို ကျွန်တော်တို့က ဖောက်နိုင်ခဲ့တဲ့အင်အား မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ထားလို့။ ဆန်ရှင်တွေ ပိတ်ထားခဲ့လို့ အဲဒီအတွေ့အကြုံက အခက်အခဲဖြစ်သွားတယ်။ ကျွန်တော်တို့ဆီမှာ ဘာချေမလဲဆိုတော့ အင်မတန်နုနယ်တဲ့ အတွေ့အကြုံပဲရှိတဲ့ ကျွန်တော်တို့ စိးပွားရေးသမားတွေက ဒါက တစ်ချက်ဖြစ်တယ်။ သို့သော် သူတို့နဲ့ ဆွေးနွေးတဲ့အခါမှာ ဘာလဲဆိုတော့ အဲနိုင်ငံတွေက Market ကိစ္စ ပြောလို့ရှိရင် ကျွန်တော်တို့က စိုက်ပြီးတော့မှ ရလာတဲ့ Market ကို ရောင်းတာ။ သူတို့က ဒီလိုမဟုတ်ဘူး။ နဂိုကတည်းက Market ကို သွားချိတ်လိုက်တယ်။ Market က ဒီနှစ်မှာ ဘာလိုချင်တာလဲ။ ဘယ်လိုမျိုးကို လိုချင်တာလဲ။ အဲဒါကို ယူပြီးတော့မှ ကန်ထရိုက်ကို ယူပြီးတော့မှ အဲဒါကို စိုက်ပေးတာ။ နောက်ပြီးတော့ သူတို့က ကြီပြီးတော့ Market ကို ချိတ်ထားတဲ့အတွက်ကြောင့် ရောင်းဝယ်တဲ့အခါမှာ ပြဿနာမရှိဘူး။ ဒါက အင်တာနေရှင်နယ်မှာ ကျင့်သုံးနေတာဖြစ်တယ်။ ကျွန်တော်တို့မှာ အဲလိုလုပ်နိုင်တဲ့ အင်အား မရှိခဲ့ဘူး။ ဒုတိယတချက် ကျွန်တော်တို့က တရုတ်တစ်ခုတည်ကို အားကိုးရတဲ့ Single Market ပေါ့ အဲဒီအချိန်မှာ အန္တရာယ်ရှိနိုင်တဲ့ ဆရာဦးစိုးထွန်း ပြောတဲ့ကိစ္စကလည်း မှန်ပါတယ်။ အဲဒါမှမဟုတ်ပါဘူး Market တစ်ခုတည်းကိုပဲ သွားပြီးတော့ လုပ်ထားမိခဲ့လို့ရှိရင် တစ်ချိန်ချိန်မှာ သူ့ရဲ့ ချွတ်ချော်မှုက ကျွန်တော်တို့အတွက် အဆိပ်အတောက် ဖြစ်စေတာက သဘာဝပဲဖြစ်တယ်။ အဲတော့ ကျွန်တော်တို့က သတိအများကြီး ထားရမယ်။ အဲတော့ ဒီလို တရုတ်တစ်ခုတည်းကိုပဲ Market မလုပ်ပဲ အင်တာနေရှင်နယ် မားကက်ကို ဖြတ်နိုင်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ ထွက်ကုန်ပစ္စည်း အားလုံးသည် ကမ္ဘာကလက်ခံနေတဲ့ Quality ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ အခု လယ်ယာစိုက်ပျိုးရေးမှာတင် မကပါဘူး။ စိုက်ပျိုးရေးမှာတင်မကပါဘူး ကျွန်တော်တို့ ငါးမှာလည်း အတူတူပါပဲ။ အာဆီယံနိုင်ငံ ဝန်းပိုင်းမှာတောင်မှ လုပ်ထုံးလုပ်နည်းတွေနဲ့ စိုက်ထားတာ မရှိလို့ရှိရင် ဒေသတွင်းမှာတောင်မှ ကုန်ကူးရခက်မယ့် အဆင့်ဖြစ်လာတော့မှာပါ။ အဲဒါကြောင့်မို့ ကျွန်တော်တို့က Market ကို အောင်မြင်သော Market တစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်အားလုံးကို Quality မြင့်အောင် လုပ်ရမယ်။ အဆင့်မြင့်မြင့်နဲ့ နိုင်ငံတကာက လက်ခံတဲ့ Quality ဖြစ်အောင်လုပ်ဖို့အတွက်က ကျွန်တော်တို့ အစိုးရကဏ္ဍမှာရော ပုဂ္ဂလိကကဏ္ဍမှာလည်း တာဝန်ရှိပါတယ်။ အဲဒါကို အမြန်ဆုံး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ အမြန်ဆုံးလုပ်ရမယ့်ကဏ္ဍဖြစ်တဲ့အတွက် ကျွန်တော်တို့က အာဆီယံထဲမှာ လက်မှတ်ထိုးထားတဲ့ဟာက ၂၀၁၅ မှာ စပြီးကျင့်သုံးမယ့်ဟာကို ကျွန်တော်တို့ကို အရင်လက်ထက်ထဲက လျော့ပေးထားတယ်။ ၂၀၁၈ လောက်ဆိုရင်တော့ အသက်ဝင်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့က ပြည်တွင်းမှာတစ်ခုတည်း ထုတ်မှာလား။ မေးခွန်းမေးစရာရှိတယ်။

 ပိုလျံတဲ့ဟာကို နိုင်ငံခြားကို ရောင်းဖို့ဆိုတာက အခက်အခဲ အများကြီးရှိတယ်။ သူကြိုက်မှ ကိုယ်ရောင်းလို့ရမှာ။ သူကြိုက်ဖို့ဆိုတာက Quality ကောင်းဖို့လိုပါတယ်။ အဲတော့ အဲဒါတွေအကုန်လုံးက အစိုးရအပါအဝင် အားလုံးမှာ တာဝန်ရှိတဲ့အတွက်ကြောင့် ဘယ်လိုလုပ်မလဲဆိုတာကို ထိထိမိမိလေး လုပ်ပြီးတော့လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မဇ္ဈိမ

ဆရာဦးစိုးထွန်းရော ဘာများ ဖြည့်ပြောချင်လဲခင်ဗျ။

ဒေါက်တာ စိုးထွန်း

အထွေထွေ အတွင်းရေးမှူး (MAPCO)

ဆရာဦးနှင်းဦး ဆွေးနွေးခဲ့သလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ စဉ်းစားတဲ့နေရာမှာ ကျွန်တော်တို့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေက လယ်ယာစိုက်ပျိုးရေး နှီးနွယ်ပြီး လုပ်ကိုင်ကြတာပေါ့နော်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှပဲ ကျွန်တော်တို့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာမယ်လို့ ကျွန်တော်တို့ မြင်တယ်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို အလေးထားဖို့ လိုတယ်ပေါ့နော်။ စပြီးထုတ်လုပ်တဲ့နေရာမှာလည်း စနစ်တကျ မျိုးကောင်းမျိုးသန့်တွေ မြေစီကအစ ထိန်းသိမ်းဖို့လိုတယ်။ သုံးစွဲတဲ့အခါမှာလည်း စနစ်တကျ ထိန်သိမ်းတတ်ရမယ်။ ပြီးတော့ သယ်ယူပို့ဆောင်တဲ့အခါမှာ ဈေးကွက်ရရှိပြီးတော့မှ သုံးစွဲတဲ့အထိပါ ကျွန်တော်တို့အနေနဲ့ အစိုးရအနေနဲ့ ဒါကို ခိုင်မာတဲ့မူဝါဒ ချဖို့လိုမယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း အစိုးရချည်းပဲ ဆောင်ရွက်လို့မရပါဘူး။ အစိုးရရော ပုဂ္ဂလိကရော Producer ခေါ်တဲ့ Farmer ပါ ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တေ်ာတို့အနေနဲ့ လိုအပ်တဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုရမယ်။ လယ်သမားတွေရဲ့ ဘဝ မြင့်လာမယ်။ ကျေးလက်နေ ပြည်သူများရဲ့ဘဝ တိုးတာလာမယ့် အဲအတွက်ကြောင့် အစိုးရအနေနဲ့ ဒီဟာတစ်ခုလုံးကို ဝန်ကြီးဌာန အချင်းချင်းရော Private Center နဲ့ လယ်သမားပါ ပါဝင်လာအောင် ဦးဆောင်နိုင်မှပဲ ရမယ်။ ဒီဟာအတွက် တော်ရုံတန်ရုံနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါက အစိုးရအဆက်ဆက်မှာလည်း နှစ်ပေါင်း ၅၀ ကျော် လုပ်ခဲ့တယ်။ ဦးစားပေး ဦးစားပေးအနေနဲ့ပဲ ဆောင်ရွက်ခဲ့တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာဆိုရင် လယ်သမားက အလံမှာတောင် ပါသေးတယ် လယ်သမားနဲ့ တောင်သူလယ်သမားက ကျွန်တော်တို့အလံမှာ ဦးစားပေးအနေနဲ့ ပါတယ်။ သို့သော်လည်းပဲ မအောင်မြင်ခဲ့ဘူး။ တစ်ခါ တပ်မတော်အစိုးရလက်ထက်မှာလည်း ဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာလည်း ဆောင်ရွက်ခဲ့တယ် အခု ပြည်သူ့အစိုးရလို့ခေါ်တဲ့ NLD လက်ထက်မှာလည်း ဒီထက်ပိုပြီးတော့ အားထုတ်ဖို့လိုတယ်။ အရင်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို နမူနာယူပြီးတော့မှ ကျွန်တော်တို့အနေနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ရမယ်။ ကျန်တဲ့တိုင်းပြည်တွေမှာဆိုရင် လယ်သမားတွေဆိုတာ ချမ်းသာတယ်။ ကျွန်တော်တို့ဆီမှာ လယ်သမားက ဆင်းရဲတယ် နင်းပြားဘဝဆိုတော့ သူတို့နိုင်ငံတွေက အံ့သြတယ်။ ငါတို့ဆီက လယ်သမားက ချမ်းသာတယ်။ လယ်သမားဆိုတာက တကယ့် ကားအကောင်းစားတွေစီးပြီးတော့ သွားနေတာတဲ့။ အဲလိုအနေအထားပေါ့။ ကျွန်တော်တို့လည်း အဲလိုမျိုး အိပ်မက်မက်ချင်ပါတယ်။ ကျွန်တော်တို့ သက်တမ်းရှိသရွေ့ လယ်သမားတွေဘဝက ဒီလောက်အဆင့်ကြီးမဟုတ်ပေမယ့် သာမာန် လူလတ်တန်းစားအဆင့်ထိ ဝင်အောင် ဖြစ်စေချင်ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့လည်း ဒါကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

မဇ္ဈိမ

ဆရာမလည်း ထပ်ပြီးတော့ အကြံပေးပါဦးခင်ဗျ။

ဒေါ်စုစုနွေး

ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားရေးရာ ကော်မတီ

ဟုတ်ကဲ့။ ကျွန်မတို့ကတော့ ကျွန်မတို့တင်လိုက်တဲ့ အစိုးရဆိုတော့ ကျွန်မတို့ လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လယ်သမားအရေး ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လယ်ယာ ဆည်မြောင်း ဝန်ကြီးဌာနက နေပြည်တော်ကနေ အောက်ခြေ မြို့နယ်အဆင်ထိ ပူးပေါင်းဆောင်ရွက်ဖို့တွေ လိုပါတယ်။ နောက်တစ်ခုက ရှေ့မှာ ဆရာတို့တွေ ပြောသွားတာလည်း ပါပါတယ်။ ကျွန်မတို့တွေ သုံးလတစ်ကြိမ် ဒါမှမဟုတ်ရင် နှစ်လတစ်ကြိမ် လယ်ယာဥပဒေတွေ ပြင်ဆင်တာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် လယ်သမားတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်တဲ့အခါမှာ တကယ့် လယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ချိတ်ဆက်ထားဖို့နဲ့ အစဉ်မပြတ် ဆောင်ရွက်ဖို့တွေ လိုပါတယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ လယ်သမားတွေနဲ့ တွေ့ဆုံပြီးတော့ သတင်းအချက်အလက်တွေယူမှ ပိုပြီး မှန်ကန်မှုရှိမှာဖြစ်တဲ့အတွက် ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း လယ်သမားတွေကို တွေ့ဆုံပြီးတော့ ထိပ်တိုက် လယ်သမားတွေကို မေးတာမျိုးကိုလည်း လယ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာကို အစိုးရက ပိုပြီးတော့ သိရမှာဖြစ်ပါတယ်။ အဲလိုမျိုးနဲ့ လယ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်စေချင်ပါတယ်။

အပိုင်း (၁) အား အောက်ပါတွင် ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/19165
အပိုင်း (၂) အား အောက်ပါတွင် ကြည့်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/19192

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags