တိုင်ဖုန်းမုန်တိုင်း ဆာရီကာ ဖိလစ်ပိုင်သို့ဝင်ရောက်၍ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

တိုင်ဖုန်းမုန်တိုင်း ဆာရီကာ ဖိလစ်ပိုင်သို့ဝင်ရောက်၍ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

မနီလာ၊ အောက်တိုဘာ ၁၆ ။              ။ ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်အစောပိုင်းက တိုင်ဖုန်းမုန်တိုင်း ဆာရီကာ ဝင်ရောက်သဖြင့် အိမ်အမိုးများလန်ခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်းတို့နှင့်အတူ လူပေါင်း ၁၂၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာသို့ ပြေးရှောင်ခိုလှုံရကြောင်း တာဝန်ရှိသူများက ပြောသည်။

မြေပြိုမှုများနှင့် ရေကြီးမှုများလည်း ဖြစ်ပွားကာ လူတစ်ဦး ရေနစ်သေဆုံးပြီး သုံးဦးပျောက်ဆုံးနေကြောင်း သိရသည်။

“အိမ်တွေရဲ့ အမိုးတွေ မုန်တိုင်းကြောင့် လွှင့်ထွက်ကုန်တယ်။ တစ်ချို့ဒေသတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်သွားတယ်။”ဟု အမျိုးသားသဘာဝဘေးလျော့ပါးရေးနှင့် စီမံခန့်ခွဲရေးကောင်စီမှ   ပြောရေးဆိုခွင့်ရှိသူ မီနီမာရာဆစ်ဂန်က အေအက်ဖ်ပီသို့ ပြောသည်။

“မြေပြိုမှုတွေလည်း ရှိသလို ရေကြီးမှုတွေလည်းဖြစ်တယ်။”ဟု ၎င်းက အတည်ပြုပြောကြားသည်။

ဘယ်လားကမ်းခြေမြို့သို့ အောက်တိုဘာ ၁၆ ရက်က ဆာရီကာမုန်တိုင်း ဝင်ရောက်စဉ် အားပျော့လျက်ရှိပြီဖြစ်ကြောင်း၊ လေတိုက်နှုန်းက တစ်နာရီ ၈၁ မိုင်ရှိကြောင်း မိုးလေဝသပညာရှင်များက ဆိုသည်။

နောက်ပိုင်းတွင် တောင်ထူထပ်ရာ လူနည်းကျဲပါသော ဒေသများတွင် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဦးတည်သွားသည်။

မုန်တိုင်းတိုက်ခတ်ရာ လမ်းကြောင်းရှိ ပြည်သူပေါင်း ၁၂၅၀၀ နီးပါးက နေအိမ်များစွန့်ခွာကာ အစိုးရတည်ဆောက်ပေးထားသော ရှက်တာများ၊ ဆွေမျိုးနီးစပ်များ၏ အိမ်များသို့ ရွှေ့ပြောင်းနေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly