နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ် စတင်ထွက်ခွာ
ဓာတ်ပုံ- Ministry of Foreign Affair

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် အောက်တိုဘာ ၁၆ ရက်၌ စတင်သွားရောက်ပြီဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်က ပြောသည်။

အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယအနောက်ပိုင်း ဂိုအာပြည်နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သော BIMSTEC-Retreat နှင့် BRICS-BIMSTEC ထိပ်သီးအစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံးတက်ရောက်မည်ဖြစ်သည်။

အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အိန္ဒိယ-မြန်မာ အပြန်အလှန်ဆက်ဆံရေး ခိုင်မာမှုအတွက် သုံးရက်တာအဖြစ် အိန္ဒိယနိုင်ငံတွင် ခရီးစဉ် ဆက်လက်ရှိနေမည်ဖြစ်သည်။

သြဂုတ်လအတွင်းက မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ပြီးနောက် နှစ်လခန့်အတွင်း ဧပြီ ၁ ရက်မှစကာ NLD ပါတီ အစိုးရဖြစ်ပြီးနောက်ပိုင်း အိန္ဒိယသို့ ပထမဆုံးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရောက်ရှိခြင်းလည်းဖြစ်သည်။

ယခုခရီးစဉ်အတွင်း အိန္ဒိယသမ္မတ ပရာနက်မူခါဂျီနှင့် ဝန်ကြီးချုပ်မိုဒီ၊ နိုင်ငံခြားရေးဝန်ကြီး ဆူရှာမာစဝါရက်တို့နှင့် တွေ့ဆုံရန် ရှိကြောင်း အိန္ဒိယတာဝန်ရှိသတင်းရင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုသည် သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၇၃၂ ဒဿမ ၆၄ သန်းရှိပြီး ကိုးနိုင်ငံမြောက် အကြီးဆုံးရင်းနှီးမြုပ်နှံသည့် နိုင်ငံအဖြစ် ရှိနေကြောင်း မြန်မာအစိုးရစာရင်းအချက်အလက်များအရ သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇၁၁ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

၂၀၂၀ မကုန်မီ နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ တစ်ဆယ် ဘီလီယံအထိ ရောက်နှစ်လာနိုင်ကြောင်း နှစ်နိုင်ငံစလုံးက မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly