အောက်တိုဘာ ၁၆၊ အင်္ဂလန် ။ ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၏ဖခင်ဖြစ်သူက သူ၏သားသည် ဘာစီလိုနာအသင်းကို အနိုင်ကစားရန် အလိုရှိနေသည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘာစီလိုနာအသင်း၏အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းရေးထိုးထားသည့် ဂွါဒီယိုလာသည် ယခုတစ်ပတ်တွင် မန်စီးတီးနည်းပြအဖြစ် သူ၏အသင်းဟောင်းကို နူးကမ့်ကွင်းတွင် ပြန်လည်ရင်ဆိုင်ရမည် ဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းကို နည်းပြစဉ်က ဘာစီလိုနာကို နူးကမ့်ကွင်းတွင် သွားရောက်ရင်ဆိုင်ခဲ့ရာ သုံးဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။
‘ဂွါဒီယိုလာဟာ ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်နဲ့ ဘာစီလိုနာကို နူးကမ့်မှာ ရင်ဆိုင်ခဲ့ရပါတယ်။ အခု မန်စီးတီးနည်းပြအဖြစ် သွားရောက်ယှဉ်ပြိုင်ရပါတော့မယ်။ ဒါက သူ့အတွက် တကယ့်ပွဲကြီးပွဲကောင်းဆိုတာ သံသယရှိစရာ မလိုပါဘူး။
နူးကမ့်ကွင်းဆိုတာ သူ ငယ်ငယ်လေးကတည်းကနေ နောက်ဆုံးနည်းပြဘဝအထိ လက်ခုပ်သံတွေနဲ့ အားပေးခံခဲ့ရတဲ့နေရာပါ။ အခုတော့သူက အဲ့ဒီနေရာမှာ ဘာစီလိုနာကို အနိုင်ရအောင် ကြိုးစားရပါတော့မယ်။ သူ့အနေနဲ့ ခံစားချက်တွေကိုစိတ်ထဲမှာပဲ ထားပါလိမ့်မယ်။ သူက တကယ်ကို ပရော်ဖက်ရှင်နယ်ပီသတဲ့သူတစ်ဦးပါ’ ဟု ဂွါဒီယိုလာ၏ဖခင်က ပြောဆိုခဲ့သည်။
ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းတွင် လာလီဂါဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၂ လုံးအပါအဝင် စုစုပေါင်း ဆုဖလား ၁၄ လုံးအထိရယူနိုင်ခဲ့ပြီး အသင်းသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းရေးထိုးထားသူ ဖြစ်သည်။
ရည်ညွှန်း သည်ဆန်း