ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ပြေးဒုုက္ခသည် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လုုိအပ်နေ

ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ပြေးဒုုက္ခသည် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လုုိအပ်နေ

ချင်းမိုင်၊ အောက်တိုဘာလ ၁၅ ။              ။ ကချင်နှင့် ရှမ်းမြောက်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော (IDP) ၁၂၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)ထံမှ သိရသည်။

သြဂုတ်လမှစတင်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်ဝိန်းကြီး ဒုက္ခသည် စခန်းရှိ စစ်ပြေးဒုက္ခသည် ၅၀၀၀ ခန့်အတွက် ရိက္ခာပြတ်လတ်နေပြီ ဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိ ဝေကြိုင်စခန်းနှင့် ဖုန်လုံယန်စခန်း နှစ်ခုမှ လူ ဦးရေ ၇၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့(JST)မှ အ တွင်းရေးမှူး ဦးဂွမ်ရှာအောင်က ပြောသည်။

“ အခု အရေးပေါ် လိုအပ်နေတာကြတော့ မန်ဝိန်းကြီး ဒေသက ဒုက္ခသည် ၅ ထောင်ဝန်းကျင်က ခါတိုင်းဆို ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့အနေနဲ့ ရှမ်းပြည်နယ်ဘက်ကနေ ရိက္ခာပို့ပေးတာ ရှိပါတယ်။ ပြီးရင် လိုင်ဇာ စခန်း ၂ ခုပေါ့နော်၊ ဝေကြိုင်နဲ့ ဖုန်လွမ်ယန် စခန်းမှာက လတ်တလော ပြတ်လတ်နေတာ ဖြစ်ပါတယ်။ အရေးပေါ်လိုနေပါတယ်။ မန်ဝိန်းကြီးမှာက ဆန်ပြုတ်စားရတဲ့အဆင့်မှာ ရောက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

မန်ဝိန်းကြီး ဒုက္ခသည် စခန်းသို့ ကမ္ခာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေရာမှ ပြီးခဲ့ သည့် သြဂုတ်လမှစတင်၍ ဖြတ်တောက်ခံထားရသဖြင့် စားနပ်ရိက္ခာပြတ်လတ်မှုများ   ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အဲဒီ ရိက္ခာကို သြဂုတ်လကနေ ဖြတ်တောက်ထားတော့ အခုအခြေအနေမှာ ရိက္ခာပြတ်လပ်မှု ဖြစ်နေတယ်။ အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အိုင်ဒီပီ စခန်းတော်တော်များများက အဲဒီအချိန်အနေမျိုး ဆက်ပြီးမှ ကြုံနေရတယ်၊ အဲဒီမှာ မြို့ပေါ် camp တွေကလွဲရင် စခန်းတော်တော်များများ ရိက္ခာပြတ်လတ်မှုကစပြီး ဖြစ်နေပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

စစ်ပွဲများ ချက်ချင်းရပ်ရန်၊ စစ်ဆင်တိုက်ခိုက်မှုများအားလုံး လုံးဝ ရပ်တန့်ပေးရန်၊ မြန်မာအစိုးရနှင့် တပ်မတော်သည်  IDP  အပါအဝင် ပြည်သူများအတွက် အပြည့်အဝ တာဝန်ယူ တာဝန်ခံမှုရှိရန်နှင့် အစိုးရ ကိုယ်တိုင် နိုင်ငံတကာ လူ သားချင်း စာနာထောက်ထားမှု ဥပဒေကို လိုက်နာ၍ လူသားချင်းစာနာထောက်ထား အကူအညီပေးမှုအား ကန့်သတ် ဟန့်တားမှု မပြုရန်  (JST)အဖွဲ့က အောက်တိုဘာ ၁၄ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

အောက်တိုဘာလ ၁၃ ရက်ကလည်း ကုသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ၊ အရေးပေါ် ကယ်ဆယ် တုံ့ပြန် ရေးဆိုင်ရာညှိနှိုင်းရေးမှူး စတီဗင်အိုဘရိုင်ယန်(Mr Stephen O'Brien)က KIO ဌာနချုပ် လိုင်ဇာမြို့ရှိ ဝေကြိုင် ဒုက္ခ သည် စခန်းသို့ သွားရောက်ခဲ့ရာ KIO စစ်ပြေးဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရေးကော်မတီက လက်ရှိ ဝေကြိုင်နှင့် ဖုန်လုမ်ယန် ဒုက္ခသည်စခန်း နှစ်ခုမှ ဒုက္ခသည် ၁၀၀၀၀ ခန့်နှင့် အခြားဒုက္ခစခန်း ၅ ခုတွင်လည်း စားနပ်ရိက္ခ ပြတ်လပ်နေကြောင်း တင်ပြခဲ့ကြောင်းလည်း သိရသည်။

ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့(JST)ကို ဒေသခံ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းကချင်ဖွံဖြိုးရေးအဖွဲ့ (KDG)၊ ငြိမ်းဖောင်ဒေးရှင်း(Shalom)၊ မေတ္တာဖောင်ဒေးရှင်း(Metta)၊ ဂရုဏာအဖွဲ့(KMSS)၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်အမျိုးသမီး အစည်းအရုံး(KWA)၊ ဝေါန်ပေါင်နိန်ထွဲ(WPN)၊ (BRIDGE)နှင့် (KRDC) စသည့် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည်များအား လူသားချင်းစာနာ ဒေသခံလူသား ချင်းစာနာထောက်ထားရေးမှု အကူူအညီပေးရေးအတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး စံချိန်စံညွန်းနှင့် စနစ်အတိုင်း အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly