အာဆင်နယ်ပရိသတ်အချို့၏ အဆိုးမြင်မှုကို ဗိုင်းရပ်စ်ပိုးနှင့် အာစင်ဝင်းဂါးနှိုင်းယှဉ်

အာဆင်နယ်ပရိသတ်အချို့၏ အဆိုးမြင်မှုကို ဗိုင်းရပ်စ်ပိုးနှင့် အာစင်ဝင်းဂါးနှိုင်းယှဉ်

အောက်တိုဘာ ၁၅၊ လန်ဒန်။                  ။ မိမိအပေါ် အာဆင်နယ်ပရိသတ်အချို့၏ အဆိုးမြင်မှုမှာ ပရိသတ်များအကြားအလျှင်အမြန်ပျံ့နှံ့သွားသည့် ဗိုင်းရပ်စ်ပိုးသဖွယ် ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက နှိုင်းယှဉ်ပြောဆိုလိုက်သည်။

အပြင်းထန်ဆုံးမှာ မတ်လက ဆွမ်ဆီးကို အမ်းမရိတ်စ်ကွင်းတွင် အာဆင်နယ်အသင်း လက်ခံကစားစဉ်က ဖြစ်သည်ဟု ပြင်သစ် လူမျိုးနည်းပြက ယူဆနေသည်။

အင်အားနည်းပါးသည့်အသင်းနှင့်ကစားရသော်လည်း ဝေးလ်အခြေစိုက်ကလပ်က ချေပဂိုးရသွားချိန်တွင် အာဆင်နယ်ပရိသတ် များစိတ်ပျက်ခဲ့ရပြီး အနိုင်ဂိုးပါသွင်းခံလိုက်ရသည့်အခါ အခြေအနေပိုဆိုးသွားခဲ့ကာ အာဆင်နယ်အသင်း၏ ချန်ပီယံမျှော်လင့် ချက်မှာလည်း အဆုံးသတ်သွားခဲ့ရသည်။

“အဆိုးမြင်တာတွေကို သိပ်ကိုမြန်မြန်ပဲ ပျံ့နှံ့သွားခဲ့တယ်။ အဲဒါက အမြန်ပျံ့နှံ့ပြီး အချိန်ကြာတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါပဲ”ဟု အာစင် ဝင်းဂါးက ပြန်ပြောင်းပြောဆိုသည်။

လက်ရှိအချိန်တွင်မူ အခြေအနေကွာခြားသွားပြီဖြစ်ကြောင်း အာစင်ဝင်းဂါးက အပြုံးနှင့်ပြောဆိုသည်။ အာဆင်နယ်အသင်းသည် ရာသီအဖွင့် လီဗာပူးလ်နှင့်ပွဲတစ်ပွဲသာရှုံးပြီး လက်ရှိတွင် ငါးပွဲဆက် အနိုင်ရထားသည်။

အာစင်ဝင်းဂါးနှင့် ပရိသတ်များအကြား ဆက်ဆံရေးမှာ နှစ် ၂၀ ကာလအတွင်း ရှုပ်ထွေးသောအနေအထားများလည်း ရှိသည်။ အိမ်ကွင်းပွဲစဉ်တစ်ပွဲတွင် အချို့က ၎င်းအားနုတ်ထွက်ရန် စာတမ်းများ ကိုင်ဆောင် တောင်းဆိုကြသကဲ့သို့ အချို့ကလည်း ၎င်း၏ အမည်ကိုအော်ဟစ်ကာ အားပေးထောက်ခံခဲ့ကြသည်။

“အခုအချိန်မှာ အခြေအနေတွေ အကောင်းဘက်ရောက်တယ်လို့ ယုံတယ်။ ထိပ်ဆုံးကအသင်းတွေနားကို ကျွန်တော်တို့ ရောက်နေပြီ။ နောက်တစ်ဆင့်ဆက်တက်နိုင်ဖို့ လုပ်ရမယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကိုဖန်တီးရမှာဖြစ်ပြီး အဲဒီလိုဖြစ် အောင်လုပ်ရမယ်။

ကျွန်တော်တို့လည်း စွမ်းဆောင်ချင်တယ်။ ကျန်တာကိုတော့ လစ်လျူရှုထားရမယ်။ ကျွန်တော်တို့ခြေစွမ်းပြနိုင်မယ့်လမ်းနဲ့ ကစားဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့”ဟု ဝင်းဂါးက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly