မန်ယူအသင်းခေါင်းဆောင် ရွန်နီကို လီဗာပူးလ်နည်းပြ ကလော့ပ် ထောက်ခံ

မန်ယူအသင်းခေါင်းဆောင် ရွန်နီကို လီဗာပူးလ်နည်းပြ ကလော့ပ် ထောက်ခံ

အောက်တိုဘာ ၁၅၊ လီဗာပူးလ်။          ။ မန်ယူအသင်းတွင် အရန်ခုံထိုင်နေရသော အသင်းခေါင်းဆောင်ရွန်နီမှာ ကမ္ဘာ့အဆင့် ကြယ်ပွင့်တစ်ဦးအဖြစ်ရှိနေဆဲဟု လီဗာပူးလ် နည်းပြကလော့ပ်က ပြောသည်။

လီဗာပူးလ်နည်းပြအဆက်ဆက်သည် မန်ယူအသင်းမှကစားသမားများနှင့်ပတ်သက်ပြီးထောက်ခံပြောဆိုလေ့မရှိသည်ကို ကလော့ပ်က ကောင်းစွာသိရှိထားသည်။ ထို့ပြင် အဆိုပါနှစ်သင်းမှာ တနင်္လာည တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည် ဖြစ်သည်။

မန်ယူအသင်းခေါင်းဆောင်ရွန်နီသည် နည်းပြမော်ရင်ဟိုလက်အောက်တွင် တတိယမြောက်လိဂ်ပွဲစဉ်အဖြစ် အရန်ခုံထိုင်ရဖွယ်ရှိ နေသည်။

သို့သော် ရွန်နီကိုထည့်သွင်းကစားသည့်အချိန်တွင် လီဗာပူးလ်ကိုဒုက္ခပေးနိုင်သည့်ကစားသမားတစ်ဦးဖြစ်လာနိုင်သည်ဟု ကလော့ပ်က ယုံကြည်နေသည်။

“လက်ရှိအချိန်မှာ ရွန်နီနဲ့ပတ်သက်ပြီးလူတွေဘာစဉ်းစားနေကြတယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နည်းပြတစ်ယောက်အနေနဲ့တော့ သူများတွေနဲ့တန်းတူစဉ်းစားလို့ မရပါဘူး။

ယူနိုက်တက်ရဲ့ ကစားသမားတစ်ယောက်ကို သဘောကျခွင့်မရှိပါဘူး”ဟု ကလော့ပ်က ပြောသည်။

မန်ယူအသင်းအတွက်လက်ရှိရာသီပြိုင်ပွဲစုံတစ်ဂိုးသာသွင်းပေးထားနိုင်သေးသည့် ရွန်နီမှာ မော်လ်တာကို ၂-၀ ဖြင့်အနိုင်ရသည့် အင်္ဂလန်အသင်း၏ပွဲစဉ်တွင်လည်း အင်္ဂလန်ပရိသတ်များ၏   လှောင်ပြောင်းခြင်းခံခဲ့ရသည်။

“မော်ရင်ဟိုက ရွန်နီရဲ့စွမ်းရည်ကိုမမြင်နိုင်ဖြစ်နေတာလားလို့ ခင်ဗျား ကျွန်တော့်ကိုလာပြောမယ်ဆိုရင်တော့ ခင်ဗျားမှားနေတယ် လို့ ပြန်ပြောမိမှာပါ။

အင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်လည်း အတူတူပါပဲ။ ရွန်နီရဲ့ခြေစွမ်းကိုသူတို့သိကြပြီး ရွန်နီရဲ့ဂိုးကလည်း ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲပါပဲ။

ရွန်နီဖြစ်နေတဲ့အနေအထားက ကစားသမားဘဝမှာ လူတိုင်းကြုံရနိုင်တဲ့အနေအထားပါ။ ပြီးတော့သူဟာ သိပ်ပြီးရှည်ကြာ ကောင်းမွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားပါတယ်”ဟု ကလော့ပ်က    ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly