ကံတော်ကုန်သည့် ဘုရင်မင်းမြတ်အတွက် ဘန်ကောက်တွင် ညလုံးပေါက် အိပ်စက်ခြင်း မပြုဘဲ ပြည်သူများ ဝမ်းနည်းပူဆွေး

ကံတော်ကုန်သည့် ဘုရင်မင်းမြတ်အတွက် ဘန်ကောက်တွင် ညလုံးပေါက် အိပ်စက်ခြင်း မပြုဘဲ ပြည်သူများ ဝမ်းနည်းပူဆွေး

ဘန်ကောက်၊ အောက်တိုဘာ ၁၅ ။                            ။ အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံကံတော်ကုန်ခဲ့သည့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအတွက် အောက်တိုဘာ ၁၄ ရက်တွင် ဘန်ကောက်ရှိ   တော်ဝင်နန်းတော်တွင် ထောင်ပေါင်းများစွာသော ပြည်သူများ ဝမ်းနည်းပူဆွေးမှုဖြင့် ညလုံးပေါက် စုရုံးရောက်ရှိသည်။

အောက်တိုဘာ ၁၄ ရက်က ဘုရင်ဘူမိဘော၏ ရုပ်ခန္ဓာအား သီရီရတ်ဆေးရုံမှ နန်းတော်သို့ ယူဆောင်လာရာ လမ်းတစ်လျှောက် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကြသည့် ပြည်သူများဖြင့် ကြိတ်ကြိတ်တိုးနေသည်။ ရုပ်မြင်သံကြားမှ ကြည့်ရှုသူပေါင်းက သန်းပေါင်းများစွာရှိသည်။

အရှည် လေးကီလိုမီတာရှိသည့် ရုပ်ခန္ဓာပို့ဆောင်ရာ လမ်းတစ်လျှောက် ထောင်ပေါင်းများစွာသော ပြည်သူများဖြင့် ပြည်နှက်နေသည်။ ဘုရင်မင်းမြတ် ကံတော်ကုန်ခဲ့ချိန် နေ့ရက်မှစပြီး ဆေးရုံမှ နန်းတော် သွားရာ လမ်းတစ်လျှောက် ရုပ်အလောင်းသယ်ဆောင်ချိန် ဖူးမျှော်နိုင်ရန်အတွက် စောင့်ဆိုင်းကြသည့် ပြည်သူများဖြင့် လူမပြတ် ရှိနေသည်။

ဘုရင်ဘူမိဘော၏ ရုပ်ခန္ဓာတင်ဆောင်လာသည့် ယာဉ်တန်းဖြတ်ချိန် ပြည်သူများက ငိုကြွေးကြသည်။ ဘုရင်အလံအား ဝှေ့ယမ်းကြသည်။ ရုပ်အလောင်းသယ်ယူရာတွင် မိဖုရားကြီးအပါအဝင်   တော်ဝင် မိသားစုများ လိုက်ပါပို့ဆောင်ကြခဲ့ကြသည်။

ဘုရင်မင်းမြတ် ဘူမိဘော၏ ထီးမွေနန်းမွေ ဆက်ခံရနိုင်ဖွယ်ရှိသူမှာ သက်တော် ၆၃ နှစ်ရှိ အိမ်ရှေ့စံ ဝါဇီရာလွန်ခေါင်ဖြစ်သော်လည်း ၎င်းမှာ ဖခင် ဘူမိဘောလောက် ပြည်သူတို့၏ စိတ်ကျေနပ်မှု ရရှိခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly