စစ်ပွဲရပ်ရန် ဆန္ဒပြတောင်းဆိုသူ ဒဏ်ငွေ ၁၀၀၀၀ အရိုက်ခံရ

စစ်ပွဲရပ်ရန် ဆန္ဒပြတောင်းဆိုသူ ဒဏ်ငွေ ၁၀၀၀၀ အရိုက်ခံရ

ချင်းမိုင်၊ အောက်တိုဘာလ ၁၄ ။                  ။ ထိုးစစ်ဆင်မှု ရပ်တန့်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထု ဆန္ဒဖော်ထုတ်မှုတွင် ငြိမ်းစု/စီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသော  ဦးလုံဂျုံတူးရော်ကို အောက်တိုဘာလ ၁၄ ရက်တွင် ဒဏ်ငွေ ၁၀၀၀၀ ကျပ် ချမှတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၆ ရက်က သက်ဆိုင်ရာ ရဲစခန်းမှ ခွင့်ပြုချက် မယူဘဲ ကြွေးကြော်သံ၊ ဆိုင်းဘုတ်များ ပါရှိခဲ့ခြင်း ကြောင့် ရဲမှူးမြင့်သိန်းမှ တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ရာ ယနေ့တွင် မြို့နယ်တရားရုံးက ဒဏ်ငွေဖြင့် အပြီးသတ် အမိန့်ချမှတ် လိုက်ခြင်း ဖြစ်သည်။

“ ဒီမနက် ၁၀ နာရီလောက်မှ ဒဏ်ငွေဆောင်ပြီးတော့ အပြီးသတ် လိုက်ပြီ။ ဒဏ်ငွေဆောင်လိုက်ပြီဆိုတော့ ပြီးသွားပြီလို့ ပြောရမှာပေါ့” ဟု ဆန္ဒဖော်ထုတ်မှု ဖြစ်မြောက်ရေး ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ဦးဇော်ဂျတ်က ပြောသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် “ထိုးစစ်ရပ်ပေးပါ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပါနှင့် စစ် ရှောင် ဒုက္ခသည်များအား ကူညီပေးပါ” စသည် ကြွေးကြော်သံနှင့် ဆိုင်းဘုတ်ကိုင်ဆောင်ရန် ခွင့်ပြုချက်လျှောက် ထားခဲ့ကြောင်း သိရသည်။

သို့သော် ုဆန္ဒဖော်ထုတ်သည့်နေ့တွင် ယင်းကြွေးကြော်သံများအပြင် “ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ် ပိုင်ပြဌာန်းခွင့် ရရှိရေး ဒို့အရေး”နှင့် “တိုင်းရင်းသူ အမျိုးသများများအား ရည်ရွယ်ချက်ရှိရှိ အဓမ္မ ပြုကျင့် သတ်ဖြတ်မှု အလိုမရှိ” ဟူသော ကြွေးကြော်သံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့၍ ဦးလုံဂျုံတူးရော်အား တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြ ပြည်သူထူထု ၂၀၀၀၀ ဖြင့် ဦးဆောင်သူ ဦးလုံဂျုံတူးရော်အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့် လည်ခွင့် ပြုခဲ့ပြီး ထိုနေ့တွင် လူထု ၃ သောင်းကျော် ၄ သောင်းခန့်ထိ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly